ယူကရိန်း၏ ခရိုင်မီးယားဒေသရှိ ရုရှားစစ်စခန်းတွင် နောက်တစ်ကြိမ် ကြီးမားသည့်ပေါက်ကွဲမှုများ ဖြစ်ပွား

ယူကရိန်း၏ ခရိုင်မီးယားဒေသရှိ ရုရှားစစ်စခန်းတွင် နောက်တစ်ကြိမ် ကြီးမားသည့်ပေါက်ကွဲမှုများ ဖြစ်ပွား
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်း၏ ခရိုင်မီးယားဒေသရှိ ရုရှားစစ်စခန်းတစ်ခုတွင် လက်နက်သိုလှောင်ရုံနှင့် နောက်ထပ် စစ်ဘက်အဆောက်အအုံတစ်ခုတို့ ဩဂုတ်လ (၁၆) ရက်နေ့က ကြီးမားပြင်းထန်သည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

လွန်ခဲ့သည့် သီတင်းတစ်ပတ်တွင် အဆိုပါ ရုရှားစစ်စခန်း၌ပင် ယူကရိန်းဘက်က တိုက်ခိုက်မှုကြောင့် ဖြစ်ပုံရသည့် ပေါက်ကွဲမှုများ ဩဂုတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သေးပြီး ဩဂုတ်လ (၁၁) ရက်နေ့က ထုတ်ပြန်လာသည့် ဂြိုဟ်တုဓာတ်ပုံများအရ စစ်လေယာဥ်များ အပါအဝင် အကြီးအကျယ် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။

ရုရှားတာဝန်ရှိသူများကမူ ယခုထပ်မံဖြစ်ပွားသော စစ်စခန်းမှ ပေါက်ကွဲမှုများမှာ မီးလောင်မှုတစ်ခုကြောင့်ဟု ကနဦး ပြောခဲ့ပြီး နောက်ပိုင်းတွင် အဖျက်အမှောင့်လုပ်သူများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထိုအတောအတွင်း ခရိုင်မီးယားတွင် လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး ရထားလမ်းတစ်နေရာ ပျက်စီးမှုဖြစ်ခဲ့ကြောင်းလည်း သိရသည်။

ဩဂုတ်လ (၁၆) ရက်နေ့၏ ဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့် အဖျက်အမှောင့်လုပ်ဆောင်မှုမျိုးဖြစ်သည်ကို ရုရှားဘက်က ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယူကရိန်း အဖျက်အမှောင့်သမားများက ယခုလအတွင်း လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် (၆) ခုအထိကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု FSB လုံခြုံရေးဌာနက ပြောခဲ့သည်။

ဩဂုတ်လ (၉) ရက်နှင့် ဩဂုတ်လ (၁၆) ရက်နေ့တို့တွင် ခရိုင်မီးယားရှိ ရုရှားစစ်စခန်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့် ပတ်သက်၍ ယူကရိန်းဘက် ၎င်းတို့၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

သို့သော် ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ယခုဖြစ်ရပ်များကို စစ်ပွဲရပ်စဲရေး လှုပ်ရှားမှုအဖြစ် ရည်ညွှန်းခဲ့ပြီး ရုရှားစစ်စခန်း ပေါက်ကွဲမှုများမှာ မတော်တဆမှု မဟုတ်ကြောင်း ပြောခဲ့သည်။

ယူကရိန်းလေတပ်ဌာနချုပ် ပြောခွင့်ရအမျိုးသားကမူ ယခုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် စစ်စခန်းကို ရုရှားစစ်ရဟတ်ယာဥ်အချို့ အတက်အဆင်းနေရာအဖြစ် အသုံးပြုနေဖြစ်ကြောင်း၊ သို့သော် ပေါက်ကွဲမှုများမှာ ရုရှားက မီးဘေးကြိုတင်ကာကွယ်မှု မရှိခြင်းကြောင့်ဟု ဆိုသည်။ 

ပင်လယ်နက်ကျွန်းဆွယ်ဖြစ်သည့် ခရိုင်မီးယားဒေသကို ရုရှားက ယူကရိန်းထံမှ ၂၀၁၄ ခုနှစ်တွင်း ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ယခုအခါ ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်နေသည့် ၎င်း၏တပ်ဖွဲ့များအတွက် အဓိက အထောက်အပံ့လမ်းကြောင်းအဖြစ် အသုံးပြုနေသည်။

Source: BBC, Reuters

Photo: REUTERS/Nacho Doce