တောင်အာဖရိကတွင် ဆယ်ကျော်သက်(၂၀)ကျော် ဒဏ်ရာမပေါ်ဘဲ သေဆုံးနေမှု ပဟေဠိ ဖြစ်နေဆဲ

တောင်အာဖရိကတွင် ဆယ်ကျော်သက်(၂၀)ကျော် ဒဏ်ရာမပေါ်ဘဲ သေဆုံးနေမှု ပဟေဠိ ဖြစ်နေဆဲ
By Mr John

တောင်အာဖရိကနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း ဇွန်လ (၂၆) ရက်နေ့က ဆယ်ကျော်သက်လူငယ် (၂၁) ဦး သေဆုံးနေမှုကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးရသည့်အကြောင်းရင်း အတိအကျ မသိနိုင်သေးကြောင်း ဇွန်လ (၂၇) ရက်နေ့တွင် ပြောသည်။ 

ထိုလူငယ်များမှာ အစားအသောက်ကြောင့် အဆိပ်သင့်ခဲ့ကြောင်း ပြောကြားမှုအချို့ရှိသော်လည်း အတည်မပြုနိုင်ကြောင်း သိရသည်။

မှုခင်းဆေးပညာရှင်အဖွဲ့က East London မြို့ရှိ Enyobeni စားသောက်ဆိုင်အတွင်း ကြမ်းပြင်နှင့် စားပွဲများပေါ်တွင် ဒဏ်ရာမပေါ်ဘဲ သေဆုံးလျက်သား တွေ့ခဲ့ရသည့် လူငယ်များ မည်သို့ဖြစ်ခဲ့ကြောင်း သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုသည်။ 

အလောင်းများတွင် မြင်တွေ့နိုင်သော ဒဏ်ရာများ မတွေ့ရှိရမှုကြောင့် လူအုပ်စု တွန်းတိုက်လဲပြိုမှုအတွင်း သေဆုံးခဲ့ခြင်း မဖြစ်နိုင်ကြောင်း ကောက်ချက်ချထားသည်။ 

ယခုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင်တွေကို လုပ်ငန်းလိုင်စင် သဘောတူညီချက်များ ချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဟု သိရသည်။

စားသောက်ဆိုင်အတွင်း သေဆုံးနေသည့် ဆယ်ကျော်သက်များမှာ အသက်အငယ်ဆုံး (၁၃) နှစ်နှင့် အသက်အကြီးဆုံး (၁၇) နှစ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Bheki Cele က ပြောခဲ့ပြီး သေဆုံးသူတို့၏ အသေးစိတ် စာရင်းအချက်အလက်ကိုမူ မထုတ်ပြန်သေးဟု ဆိုသည်။ 

တောင်အာဖရိကတွင် အရက်သေစာ ဝယ်ယူသောက်သုံးနိုင်သည့် အသက်ကို (၁၈) နှစ်အဖြစ် သတ်မှတ်ထားရာ ယခုသေဆုံးခဲ့သော ဆယ်ကျော်သက်များကို အရက်ရောင်းချသည့် စားသောက်ဆိုင်အတွင်း ဝင်ခွင့်မပြုသင့်ကြောင်း ပြောဆိုကြသည်။

ဆယ်ကျော်သက်အုပ်စုအနက် အချို့က စာမေးပွဲပြီးဆုံးမှုအဖြစ်နှင့် အခြားသူများက မွေးနေ့ပါတီပွဲအဖြစ် လာရောက်စားသောက်ကြခြင်း ဖြစ်သည်။ 

"အဆိပ်သင့်စေတဲ့ တစ်ခုခုကို သူတို့ စားသောက်ခဲ့ကြသလား သို့မဟုတ် တစ်ခုခုကို သူတို့ ရှူရှိုက်ခဲ့ကြသလားဆိုတာ စုံစမ်းစစ်ဆေးနေတယ်"ဟု East Cape ပြည်နယ် ရပ်ရွာလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Unathi Binqose က ဇွန်လ (၂၇) ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် ပြောခဲ့သည်။ CCTV မှတ်တမ်းအတွင်း ရှီရှားသောက်သည့် ပိုက်များကို အခင်းဖြစ်နေရာတွင် တွေ့ရသည်ဟု ၎င်းကဆိုသည်။

ကနဦး သတင်းများတွင်း စားသောက်ဆိုင်အတွင်း သေဆုံးနေသူ (၂၂) ဦး တွေ့ရှိရကြောင်း ဖော်ပြခဲ့သော်လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ သေဆုံးသူ (၂၁) ဦးဖြစ်ကြောင်း သိရသည်။ 

စားသောက်ဆိုင်အတွင်း သေဆုံးနေသည့် ဆယ်ကျော်သက်များအနက် အသက်အငယ်ဆုံးမှာ (၁၃) နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း East Cape ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် Tembinkosi Kinana က Reuters သတင်းဌာနကို ပြောခဲ့သည်။

Source: Reuters, BBC