အမေရိကန်က ယူကရိန်းအတွက် ပိုမိုခေတ်မီသည့် တာဝေးပစ်ဒုံးလက်နက်စနစ်များ ပေးပို့သွားမည်

အမေရိကန်က ယူကရိန်းအတွက် ပိုမိုခေတ်မီသည့် တာဝေးပစ်ဒုံးလက်နက်စနစ်များ ပေးပို့သွားမည်
By Mr John

ရုရှားနှင့် တိုက်ခိုက်နေသည့် ယူကရိန်း၏ ခုခံစစ်အတွက် ကူညီပေးရန် အမေရိကန်က ပိုမိုခေတ်မီသည့် ဒုံးလက်နက်စနစ်များ ပေးပို့သွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်သည်။

ထိုလက်နက်များကို ယူကရိန်းက တောင်းခံထားသည်မှာ ကြာပြီဖြစ်ပြီး ရန်သူတပ်ဖွဲ့များကို ပိုဝေးကွာသည့်နေရာမှ ပိုမိုတိကျစွာ တိုက်ခိုက်ရန်အတွက် ကူညီပေးကြောင်း သိရသည်။

ယခုမတိုင်မိအထိ ရုရှားကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် အဆိုပါ ခေတ်မီလက်နက်များပေးပို့ရန် ယူကရိန်း၏ တောင်းခံမှုကို အမေရိကန်က ငြင်းဆန်ထားခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ ပေးပို့သွားမည့် လက်နက်အကူအညီမှာ ရုရှားနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ယူကရိန်း၏ ရပ်တည်ချက်ကို ပိုမိုအားကောင်းစေလိမ့်မည်ဖြစ်ပြီး သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြေပိုများသည်ဟု သမ္မတဂျိုးဘိုင်ဒန်က ဇွန်လ (၁) ရက်နေ့တွင် ပြောသည်။

ရုရှားဘက်ကမူ ယခု ဒုံးလက်နက်စနစ်သစ်များ အပါအဝင် ယူကရိန်းသို့ ပေးပို့နေသည့် အမေရိကန်၏ လက်နက်ကူညီမှုများက အလွန်အမင်း အပျက်သဘောဆောင်ကြောင်းနှင့် မီးထဲသို့ လောင်စာထည့်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ထိုအတောအတွင်း ဂျာမနီအစိုးရကလည်း ယူကရိန်းသို့ လေကြောင်းကာကွယ်ရေးစနစ် ပေးပို့သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

ဂျာမနီက ပိုင်ဆိုင်ထားသော လေကြောင်းကာကွယ်ရေးစနစ်တွင် ခေတ်အမီဆုံးဖြစ်သည့် IRIS-T စနစ်က ယူကရိန်းအတွက် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကနေ မြို့တစ်မြို့လုံးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်က ဆိုသည်။

ထို့အပြင် ဂျာမနီက ရန်သူ့ဘက်က အမြောက်ပစ်ခတ်မှုကို ခြေရာခံ ထောက်လှမ်းနိုင်သည့် ရေဒါစနစ်နှင့် ဒုံးပစ်စင်များကိုလည်း ယူကရိန်းအတွက် ထောက်ပံ့ပေးမည်ဟု အိုလက်ဖ်ရှိုးလ်က ပြောသည်။

Source: BBC

Photo: GETTY IMAGES