တောင်အာဖရိကတွင် စားသောက်ဆိုင် တစ်ဆိုင်အတွင်း လူငယ် (၂၂) ဦး သေဆုံး 

Photo: REUTERS/Stringer
Photo: REUTERS/Stringer
တောင်အာဖရိကတွင် စားသောက်ဆိုင် တစ်ဆိုင်အတွင်း လူငယ် (၂၂) ဦး သေဆုံး 
By Mr John

တောင်အာဖရိကနိုင်ငံတွင် အနည်းဆုံး လူငယ် (၂၂) ဦး စားသောက်ဆိုင်တစ်ဆိုင်အတွင်း သေဆုံးနေမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 

တောင်အာဖရိက၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် East London မြို့ရှိ Enyobeni စားသောက်ဆိုင်အတွင်း ကြမ်းပြင်နှင့် စားပွဲများပေါ်တွင် သေဆုံးသူတို့၏ အလောင်းများကို တွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလောင်းများကို ရင်ခွဲရုံများသို့ ယူဆောင်သွားပြီ့ အဆိပ်သင့်ခြင်းရှိ မရှိ အပါအဝင် အလောင်းခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီး သေဆုံးရသည့်အကြောင်းရင်းကို ဖော်ထုတ်သိရှိရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။ 

တောင်အာဖရိကသမ္မတ Cyril Ramaphosa က သေဆုံးခဲ့သူတို့၏ မိသားစုများကို အလွန်ဝမ်းနည်းကြောင်း‌ ပြောခဲ့သည်။ 

ယခုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် East Cape ပြည်နယ် ဝန်ကြီးချုပ် Oscar Mabuyane က စားသောက်ဆိုင်တွင် လူငယ်များ သေဆုံးရသည့် ဖြစ်နိုင်ဖွယ်အကြောင်းရင်းများကို ထုတ်ဖော်မပြောခဲ့သော်လည်း အရက် အကန့်အသတ်မရှိ သောက်ခြင်းကို ရှုတ်ချခဲ့သည်။

ဒေသစံတော်ချိန် ဇွန်လ (၂၆) ရက် နံနက်အစောပိုင်းက စားသောက်ဆိုင်အတွင်း သေဆုံးနေသူများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

သေဆုံးနေသူများမှာ အသက်အငယ်ဆုံး (၁၃) နှစ်နှင့် (၂၀) နှစ်ကြားအရွယ်များဖြစ်ပြီး အလောင်းများတွင် မြင်တွေ့နိုင်သော ဒဏ်ရာများမရှိဟု ပြည်နယ်လုံခြုံရေးအရာရှိ Unathi Binqose က AFP သတင်းဌာနကို ပြောသည်။ 

"မှုခင်းဆေးပညာရှင်တွေက အဆိပ်သင့်တာမျိုး ဖြစ်ခဲ့သလားဆိုတာသိရဖို့ နမူနာတွေရယူပြီး စစ်ဆေးသွားမှာပါ" ဟု ၎င်းကဆိုသည်။

Source: Reuters, BBC, CNN