ထိုင်း - မလေးရှား နယ်စပ် ထိုင်းနိုင်ငံဘက်တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား၍ အနည်းဆုံးလူ (၉)ဦး သေဆုံးကာ (၁၀၀)ကျော် ဒဏ်ရာရ

ထိုင်း - မလေးရှား နယ်စပ် ထိုင်းနိုင်ငံဘက်တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား၍ အနည်းဆုံးလူ (၉)ဦး သေဆုံးကာ (၁၀၀)ကျော် ဒဏ်ရာရ
ဇူလိုင် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ နရတ်သီဝပ်ပြည်နယ် Sungai Kolok မြို့ရှိ ဂိုဒေါင်တစ်ခုတွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့က မီးရှူးမီးပန်းများ ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ (၉) ဦး သေဆုံးပြီး (၁၃၀) ကျော် ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီခန့်က မလေးရှားနယ်စပ်အနီး Sungai Kolok မြို့အတွင်း မူနို ဈေးရှိ ဝီရတ်ဝတ်ပဏီ  ဆိုင်၏ ဂိုဒေါင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ဂိုဒေါင်၊ ဈေးနှင့် အနီးတဝိုက်ရှိ နေအိမ် (၁၅၀) အထိ ကြီးမားစွာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

ပေါက်ကွဲမှုကြောင့် လူ (၄) ဦး သေဆုံးပြီး လူ (၉၀) ဦး ဒဏ်ရာရခဲ့ကြောင်း ကနဦး သတင်းများက ဖော်ပြခဲ့သော်လည်း ထိခိုက်ပျက်စီးမှုကို အပြည့်အဝ စစ်ဆေးပြီးနောက် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် မြှင့်တက်လာခဲ့သည်။

ထိုင်းမီဒီယာများ၏ ဖော်ပြမှုအရ နေအိမ်များထဲတွင် ပိတ်မိနေသူများရှိပြီး အရေအတွက်ကို မသိနိုင်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ၎င်းတို့ အပြင်ထွက်နိုင်ရေး ကူညီပေးရန် ကြိုးပမ်းနေခဲ့ကြောင်း သိရသည်။ 

ပေါက်ကွဲမှုပြင်းအားကြောင့် Sungai Kolok မြို့ရှိ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အချက်အချာဖြစ်သည့် မူနို ဈေးမှာ ဆိုးရွားစွာ ပျက်စီးခဲ့သည်။

နရတ်သီဝပ်ပြည်နယ်အုပ်ချုပ်ရေးမှူး Sanan Phong-aksorn က ပေါက်ကွဲမှုကြောင့် လူ (၉) ဦး သေဆုံးပြီး (၁၁၃) ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ဇူလိုင်လ (၂၉) ရက် နှောင်းပိုင်းတွင် ပြောခဲ့သည်။ 

နောက်ပိုင်း သတင်းများတွင်မူ ဒဏ်ရာရသူ အရေအတွက်မှာ အနည်းဆုံး (၁၃၀) ဦးဖြစ်ကြောင်း ဖော်ပြသည်။ 

မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း Bangkok Post သတင်းက ဇူလိုင်လ (၂၉) ရက် ညပိုင်းတွင် ဖော်ပြထားရှိသည်။

Source: Bangkok Post

Photo: Rungrot Kongpiban,