ကမ္ဘာတွင် မကြုံစဖူး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း ရင်ဆိုင်နေရဟု ကုလသမဂ္ဂအကြီးအကဲ ပြော

Photo: REUTERS/Feisal Omar
Photo: REUTERS/Feisal Omar
ကမ္ဘာတွင် မကြုံစဖူး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း ရင်ဆိုင်နေရဟု ကုလသမဂ္ဂအကြီးအကဲ ပြော
By Mr John

ယခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှုများ ကြုံရနိုင်သည့် အမှန်တစ်ကယ် အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်က ဇွန်လ (၂၄) ရက်နေ့တွင် ပြောကြားပြီး စားနပ်ရိက္ခာဈေးကွက် တည်ငြိမ်စေရေးနှင့် စားသောက်ကုန်ဈေးနှုန်း မတည်ငြိမ်မှုလျှော့ချရေး လက်တွေ့လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်

"ကျွန်တော်တို့ မကြုံစဖူး ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပါတယ်" ဟု ၎င်းကပြောသည်။

"ယူကရိန်းစစ်ပွဲက ရာသီဥတုအနှောင့်အယှက်၊ COVID-19 ကပ်ရောဂါ၊ နက်ရှိုင်းစွာ မညီမျှတဲ့ ပြန်လည်ထူထောင်ရေးတို့နဲ့အတူ ထပ်ပေါင်းပြီး ပြဿနာတွေတိုးလာခဲ့တယ်" ဟု ဂူတာရတ်စ်က ဆိုသည်။ 

ကုလသမဂ္ဂအေဂျင်စီများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် အကူအညီပေးရေးအုပ်စုများက စားနပ်ရိက္ခာ မဖူလုံမှုကို စိစစ်တွက်ချက်ရာတွင် အသုံးပြုသည့် တိုင်းတာမှုစနစ် Integrated Food Security Phase Classification (IPC) အရ ဆိုမာလီယာ၊ ယီမင်နှင့် တောင်ဆူဒန်နိုင်ငံတို့တွင် လူဦးရေ ၄၆၀,၀၀၀ ကျော် ငတ်မွတ်ခေါင်းပါးသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

ထိုအခြေအနေက ဒေသတစ်ခုတွင် အငတ်ဘေးကျရောက်ကြောင်း ကြေညာမှုမတိုင်မီ အဆင့်ဖြစ်သည်ဟု ဆိုသည်။ 

အခြား နိုင်ငံ (၃၄) ခုရှိ လူဦးရေ (၃၄) သန်းကျော်မှာလည်း IPC အရ ငတ်မွတ်ခေါင်းပါးမှု ကြုံရတော့မည့် အခြေအနေဟု သိရသည်။ 

"၂၀၂၂ခုနှစ်ထဲမှာ အငတ်ဘေးကျရောက်ကြောင်း ကြေညာရမယ့် အမှန်တစ်ကယ် အန္တရာယ်ရှိနေပါတယ်။ ပြီးရင် ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့တောင် ဆိုးနိုင်ပါတယ်" ဟု ကုလသမဂ္ဂအကြီးအကဲ ဂူတာရတ်စ်က ပြောသည်။ 

(၂၁) ရာစုတွင် လူအစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးခြင်းနှင့် အစာရေစာပြတ်လပ်ခြင်းမှာ လက်မခံနိုင်စရာဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကမ္ဘာတဝန်း ဂျုံတင်ပို့မှု၏ (၂၉) ရာခိုင်နှုန်းကို ထုတ်လုပ်နေသော ယူကရိန်းနှင့် ရုရှားက ကုန်သွယ်မှု ပြန်လည်စတင်ရန် နည်းလမ်းရှာခြင်းကလွဲပြီး အကျပ်အတည်းကို ထိရောက်သည့်ဖြေရှင်းမှု မရှိနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။ 

ရုရှားက ကျူးကျော်ခဲ့မှုကြောင့် ယူကရိန်းဆိပ်ကမ်းများမှ ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ဥသည်။ 

ရုရှားက ၎င်းအပေါ် အနောက်အုပ်စုက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးမှသာ ၎င်း၏ ဂျုံ၊ ပြောင်းကဲ့သို့ အစေ့အဆန်နှင့် ဓာတ်မြေဩဇာ ပြည်ပတင်ပို့မှုများ ပြန်လည်စတင်မည်ဟု ပြောထားသည်။

ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့က ထိုကိစ္စအတွက် ကြားဝင်ညှိနှိုင်းရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

 ဂူတာရတ်စ်က ကြားဝင်ညှိနှိုင်းနေမှု အခြေအနေကို ထုတ်ဖော်မပြောခဲ့ဘဲ လူသိရှင်ကြား ထုတ်ပြန်မှုများက အောင်မြင်မှုကို အဟန့်အတားဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ 

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ရပ်အတွင်း ဂူတာရတ်စ်က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်လည်း ဝန်ကြီးများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

Source: Reuters, AP