ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ

Photo: ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံး
Photo: ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံး
ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ
အောက်တိုဘာ 28, 2021 | နိုင်ငံတကာသတင်း

ချက်သမ္မတနိုင်ငံအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG ) ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ  မြန်မာကိုယ်စားလှယ် ရုံးခန်းဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က ပရာဟာမြို့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါရုံးဖွင့်ပွဲသို့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေး ပေါ်လစီဌာန ညွှန်ကြားရေးမှူး မစ္စတာ DAVID ČERVENKA က ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ပြီး  ချက်သမ္မတနိုင်ငံအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား ဆက်လက်ပံ့ပိုးအားပေးကူညီသွားမည်ဖြစ်ကြောင်းနှင့် ချက်သမ္မတနိုင်ငံသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးတို့အတွက် ဘဝများနှင့် ရင်းကာ ကြိုးစားလှုပ်ရှားနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် အတူ အစဉ်အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

ရုံးဖွင့်ပွဲသို့ မြန်မာ့အရေး အားပေးကြသော ချက်နိုင်ငံသားများနှင့် ၊ ချက်သမ္မတနိုင်ငံတွင် ခေတ္တ ရောက်ရှိနေကြသော NUG ၏ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် မြန်မာနိုင်ငံသားများလည်း တက်ရောက်ကြသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးကို ချက်သမ္မတနိုင်ငံတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က စတင်ဖွင့်လှစ်ထားပြီး ချက်သမ္မတနိုင်ငံရှိ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့တွင် Mr. Teddy White က သံတမန်ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုးရီးယားပြည်သူ့သမ္မတ္တနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကိုလည်း စက်တင်ဘာလ (၁၆) ရက်နေ့က ဖွင့်လှစ်ထားပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းက တာဝန်ယူထားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွီဒင်နိုင်ငံဆိုင်ရာ ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးသော်အောင်၊ နော်ဝေနိုင်ငံဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးနိုင်ဇော်ဝင်းနှင့် ဒိန်းမတ်နိုင်ငံဆိုင်ရာဆက်သွယ်ရေးတာဝန်ခံအဖြစ် ဦးမင်းဇော်တို့ကိုလည်း တာဝန်ပေးခန့်အပ်ထားသည်။