ဂျပန်ဝန်ကြီးချုပ်ဟောင်း ပစ်သတ်ခံရကြောင်း ဖော်ပြသည့် သတင်းအောက်တွင် စင်ကာပူဝန်ကြီးချုပ်ကို ခြိမ်းခြောက် မှတ်ချက်ရေးသူ အဖမ်းခံရ

ကော်မန့်ရေးသူ၏ လက်ပ်တော့ကွန်ပျူတာတစ်လုံး၊ တက်ဘလက်တစ်လုံးနှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်း [Photo: Singapore Police Force]
ကော်မန့်ရေးသူ၏ လက်ပ်တော့ကွန်ပျူတာတစ်လုံး၊ တက်ဘလက်တစ်လုံးနှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်း [Photo: Singapore Police Force]
ဂျပန်ဝန်ကြီးချုပ်ဟောင်း ပစ်သတ်ခံရကြောင်း ဖော်ပြသည့် သတင်းအောက်တွင် စင်ကာပူဝန်ကြီးချုပ်ကို ခြိမ်းခြောက် မှတ်ချက်ရေးသူ အဖမ်းခံရ
ဇူလိုင် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 စင်ကာပူနိုင်ငံတွင် ဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်ရန် လှုံဆော်မှုဖြင့် သံသယရှိသူ အသက် (၄၅) နှစ်အရွယ် အမျိုးသားကို ဇူလိုင်လ (၈) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသားက ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအဘေး ပစ်ခတ်သတ်ဖြတ်ခံရသည့်အကြောင်း စင်ကာပူသတင်းဌာန CNA ၏ Facebook ပို့စ်တစ်ခုအောက်တွင် မှတ်ချက်ရေးသားခဲ့ရာ၌ ဝန်ကြီးချုပ်လီရှန်လွန်းကို ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ဇူလိုင်လ (၈) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီ (၁၀) မိနစ်ခန့်တွင် ဝန်ကြီးချုပ်ကို အကြမ်းဖက်ရန်လှုံ့ဆော်ထားသည့် ထိုခြိမ်းခြောက်မှုကိစ္စ သတင်းပေးတိုင်ကြားချက် လက်ခံရရှိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောသည်။ 

ထို့နောက် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် စင်ကာပူရဲတပ်ဖွဲ့မှ အရာရှိများက ဝန်ကြီးချုပ်ကို ခြိမ်းခြောက်ထားသော Facebook အသုံးပြုသူကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

တိုင်ကြားချက် လက်ခံရရှိပြီးနောက် (၅) နာရီအတွင်း ထိုအမျိုးသားကို ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းထံမှ လက်ပ်တော့ကွန်ပျူတာတစ်လုံး၊ တက်ဘလက်တစ်လုံးနှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်းရမိခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

 

စင်ကာပူဥပဒေအရ မည်သူမဆို အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှု သို့မဟုတ် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုတစ်ခုခု ပါဝင်သော အီလက်ထရောနစ်မှတ်တမ်းတစ်ခုခုကို ပျံ့နှံ့စေမှု ကျူးလွန်ပါက ထောင်ဒဏ် (၅) နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း သိရသည်။

 စင်ကာပူတွင် အကြမ်းဖက်မှုလှုံ့ဆော်သည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရဲတပ်ဖွဲ့က လစ်လျူပြုမည်မဟုတ်ကြောင်း Singapore Police Force က ပြောခဲ့သည်။

Source: CNA