ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုက ကမ္ဘာ့တဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

Photo: EPA
Photo: EPA
ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုက ကမ္ဘာ့တဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး
By Mr John

 ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် မကြာမီ ကမ္ဘာတဝန်း စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်လာစေပြီး ၎င်းမှာ နှစ်များနှင့်ချီကြာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်သည်။ 

ယူကရိန်းစစ်ပွဲဂယက်နှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဆင်းရဲသည့်နိုင်ငံများတွင် စားနပ်ရိက္ခာ မသေချာမရေရာမှုကို ပိုဆိုးလာစေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ပြောသည်။

အကယ်၍ ယူကရိန်း၏ ပြည်ပတင်ပို့မှုများမှာ စစ်ပွဲမတိုင်မီ အခြေအနေကို ပြန်မရောက်ပါက အချို့နိုင်ငံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကာလရှည်ကြာ ကြုံတွေ့ရနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

စစ်ပွဲကြောင့် ယူကရိန်းဆိပ်ကမ်းများမှ ကုန်စည်ပို့ဆောင်မှုများ ပြတ်တောက်သွားခဲ့သည်။ 

ယူကရိန်းက ကမ္ဘာတဝန်းသို့ ဟင်းချက်ဆီနှင့် ဂျုံ၊ ပြောင်းကဲ့သို့ ကောက်ပဲသီးနှံများကို အမြောက်အမြား တင်ပို့နေသည့် နိုင်ငံလည်းဖြစ်သည်။ 

ယူကရိန်းထံမှ ကမ္ဘာတဝန်းသို့ ပို့ကုန်များလျော့ကျသွားခဲ့ပြီး အခြား ရွေးချယ်စရာများကို ဈေးနှုန်းများ မြင့်တက်လာစေခဲ့သည်ဟု ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ ယမန်နှစ် ယခုအချိန်ကာလတူကထက် (၃၀) ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ကြောင်း ကုလသမဂ္ဂအချက်အလက်များအရ သိရှိရသည်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်က နယူးယော့ခ်မြို့တွင် မေလ (၁၈) ရက်နေ့က ပြောကြားခဲ့ရာတွင် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်အတူ ရာသီဥတုပြောင်းလဲမှုနှင့် ကပ်ရောဂါ သက်ရောက်မှုတို့ ပေါင်းစပ်သွားမှုက သန်းနှင့်ချီသော ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာ မသေချာမရေရာသည့် ခြိမ်းခြောက်မှုရှိနေပြီး ထို့နောက်တွင် အာဟာရချို့တဲ့မှု၊ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းမှုနှင့် အငတ်ဘေးကျရောက်မှု အခြေအနေများသို့ ဦးတည်နေသည်ဟု ဆိုသည်။

"ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ကြရင် ကျွန်တော်တို့ရဲ့ကမ္ဘာမှာ အခု စားနပ်ရိက္ခာ လုံလောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဒီကနေ့ မဖြေရှင်းရင် လာမယ့် လပိုင်းအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကို ကျွန်တော်တို့ ရင်ဆိုင်ရမယ်" ဟု ဂူတာရတ်စ်က ပြောသည်။ 

အကျပ်အတည်းအတွက် ထိရောက်သည့်အဖြေကသာလျှင် ယူကရိန်း၏ စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ရုရှားနှင့် ဘီလာရုစ် နှစ်နိုင်ငံလုံး၏ ဓာတ်မြေဩဇာထုတ်လုပ်မှုတို့ကို ပုံမှန်ပြန်ဖြစ်စေပြီး ကမ္ဘာ့ဈေးကွက်သို့ ထုတ်ကုန်များ ပြန်ရောက်လာနိုင်မည်ဟု ကုလသမဂ္ဂအကြီးအကဲက သတိပေးသည်။

ဂူတာရတ်စ်က ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် ဆက်သွယ်ပြောဆိုပြီး စားနပ်ရိက္ခာတင်ပို့မှုများ ပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ပြောသည်။ 

စစ်ပွဲမတိုင်မီက ရုရှားနှင့် ယူကရိန်း နိုင်ငံတို့က ကမ္ဘာ့ဂျုံတင်ပို့မှု၏ (၃၀) ရာခိုင်နှုန်းကို ထုတ်လုပ်ကြပြီး ယူကရိန်းကို ကမ္ဘာ့ပေါင်မုန့်ခြင်းတောင်းဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ယူကရိန်း၏ ဆိပ်ကမ်းများမှ တစ်လလျှင် စိုက်ပျိုးရေးထုတ်ကုန်များ တန်ချိန် (၄.၅) သန်းကို ပြည်ပတင်ပို့နေခဲ့ကြောင်း သိရသည်။

သို့သော် ဖေဖေါ်ဝါရီလအတွင်း ရုရှားက ကျူးကျော်ခဲ့သည့်နောက်ပိုင်း ယူကရိန်း၏ ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ပြီး ဂျုံဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။ 

ထို့အပြင် အိန္ဒိယနိုင်ငံကလည်း ဂျုံတင်ပို့မှုကို မေလ (၁၄) ရက်နေ့တွင် ပိတ်ပင်ခဲ့ရာ ဈေးနှုန်းများ ပို၍ပင် တက်သွားခဲ့သည်။ 

ကုလသမဂ္ဂ၏ အဆိုအရ စစ်ပွဲကြောင့် ယူကရိန်းတွင် ယခင်ရိတ်သိမ်းထားသည့် ဂျုံတန်ချိန် သန်း (၂၀) ဝန်းကျင်ရှိနေကြောင်း သိရပြီး ထိုဂျုံများကို တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းလျော့ကျနိုင်သည်ဟု ဆိုသည်။

Source: BBC