အမေရိကတွင် နှစ်ပေါင်း(၄၀၀)နီးပါးက စုန်းကဝေများ အဖြစ် ကွပ်မျက် ခံခဲ့ရသူ(၁၂)ဦးကို အပြစ်မရှိကြောင်း  ကြေညာ

 Image Credit: The Economist
Image Credit: The Economist
အမေရိကတွင် နှစ်ပေါင်း(၄၀၀)နီးပါးက စုန်းကဝေများ အဖြစ် ကွပ်မျက် ခံခဲ့ရသူ(၁၂)ဦးကို အပြစ်မရှိကြောင်း  ကြေညာ
By Mr John

 အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်က ကိုလိုနီခေတ် အမေရိကတွင် စုန်းကဝေများအဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) နီးပါအချိန်က ပြစ်ဒဏ်စီရင်ခံခဲ့ရသူ (၁၂) ဦးကို အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။ 

၎င်းတို့ အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာပေးရန် တောင်းဆိုမှုရှိလာပြီးနောက် ကွန်နက်တီကပ်ပြည်နယ်က ထိုသို့ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းတို့အနက်မှ (၁၁) ဦးကို ၁၆၀၀ ပြည့်လွန် နှစ်များအတွင်း စုန်းများအဖြစ် စွပ်စွဲခဲ့ပြီး ကွန်နက်တီကပ် အရှေ့မြောက်ပိုင်းတွင် ကြားနစ်စစ်ဆေးမှုများ ပြုလုပ်ကာ သေဒဏ်စီရင် ကွပ်မျက်ခဲ့ကြောင်းနှင့် တစ်ဦးကိုမူ သေဒဏ်ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။ 

နယူးအင်္ဂလန်နယ်မြေ လွှတ်တော်အမတ်များက စုန်းကဝေများအဖြစ် ပြစ်ဒဏ်ချမှတ်ခံရသူများ အပြစ်ကင်းကြောင်းနှင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၂) ဦးကို မှားယွင်းတရားစီရင်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့တွင် မဲခွဲအတည်ပြုခဲ့သည်။

လွှတ်တော်အမတ်များက ဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၃၃) မဲ၊ ကန့်ကွက်မဲ (၁) မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ 

စုန်းကဝေအတတ် တတ်သော စုန်းကဝေများအဖြစ် သေဒဏ်စီရင် ကွပ်မျက်ခံရသူအချို့၏ သားစဥ်မြေးဆက်များ ပါဝင်ကြသည့် CT Witch Trial Exoneration Project က စည်းရုံးလှုံ့ဆော် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်မှုရှိလာပြီး ကွန်နက်တီကပ်ပြည်နယ်က ထိုသို့ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။ 

နယူးအင်္ဂလန်တွင် စုန်းမအဖြစ် စွပ်စွဲခံရသူ အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ကွပ်မျက်မှု (၃၇၆) နှစ်ပြည့် နှစ်ပတ်လည်တွင် ယခုဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။ 

နယူးအင်္ဂလန်တွင် Alse Young (Alice Young ဟုလည်း အမည်သုံးနှုန်း ခေါ်ဝေါ်ကြသည်) အမည်ရှိ အမျိုးသမီးကို စုန်းမအဖြစ် စွပ်စွဲပြီး ၁၆၄၇ ခုနှစ် မေလ (၂၆) ရက်နေ့၌ ကွပ်မျက်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပြည်နယ် (၆)ခုဖြစ်သည့် ကွန်နက်တီကပ်၊ မိန်း၊ မက်ဆာချူးဆက်၊ နယူးဟမ့်ရှိုင်းယား၊ ရိုဒီကျွန်းနှင့် ဗာမောင့်တို့ ပါဝင်သော နယူးအင်္ဂလန်နယ်မြေတွင် (၁၇) ရာစုအတွင်း အမျိုးသမီး အများစုဖြစ်ကြသည့် ရာနှင့်ချီသည့် လူများမှာ စုန်းကဝေများအဖြစ် စွပ်စွဲခံခဲ့ရသည်။

ထိုသို့ စွပ်စွဲခံရသူများအနက်မှ ဒါဇင်နှင့်ချီ ကွပ်မျက်ခံခဲ့ရကြောင်း သိရသည်။

စကော့တလန်နိုင်ငံတွင်လည်း (၁၆) ရာစုနှင့် (၁၈) ရာစုအတွင်း လူ (၄,၀၀၀) ခန့်ကို စုန်းကဝေအတတ်တတ်သည့် စုန်းကဝေများအဖြစ် စွပ်စွဲခဲ့ပြီး လူ (၂,၅၀၀) ကျော်ကို ကွပ်မျက်ခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင်မူ စကော့တလန်အစိုးရက လွန်ခဲ့သည့် နှစ်ပေါင်းရာနှင့်ချီအချိန်က ကွပ်မျက်ခံခဲ့ရသည့် ထောင်နှင့်ချီသော အမျိုးသမီးများကို တရားဝင် တောင်းပန်ခဲ့သည်။

Source: AFP