အိန္ဒိယနွယ်ဖွား  အသက်အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ် 

အိန္ဒိယနွယ်ဖွား  အသက်အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ် 
အောက်တိုဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ရစ်ရှီဆူနက်ခ်က အောက်တိုဘာလ (၂၅) ရက်တွင် ဘက်ကင်ဟမ်နန်းတော်သို့ လာရောက်ကာ တတိယမြောက် ချားလ်စ်ဘုရင်နှင့် တွေ့ဆုံပြီးနောက် ဗြိတိန်၏ (၅၇) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။ 

ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်သူ ဆူနက်ခ်မှာ ၂၀၂၂ ခုနှစ်အတွင်း တတိယမြောက် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်သည်။ 

အသက် (၄၂) နှစ်အရွယ် အိန္ဒိယနွယ်ဖွား ဆူနက်ခ်မှာ ရာစုနှစ် (၂) ခုအတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆူနက်ခ်က ဘက်ကင်ဟမ်နန်းတော်မှ ပြန်လာပြီးနောက် အမှတ် (၁၀)၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ဝန်ကြီးချုပ်အဖြစ် ပထမဆုံး မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။ 

ဆူနက်ခ်က ဗြိတိန်မှာ အလွန်လေးနက်သော စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်းနှင့် COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများရှိနေဆဲဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

ရာထူးမှ နုတ်ထွက်သွားသည့် လစ်ဇ်ထရပ်စ်နှင့် ပတ်သက်၍ နိုင်ငံကို တိုးတက်စေချင်သည်မှာ သူမ မမှားကြောင်းနှင့် မြင့်မြတ်သည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ဆူနက်ခ်က ဆိုသည်။

 အပြောင်းအလဲလုပ်ရန် သူမ၏ မရပ်မနား ဆောင်ရွက်မှုကို လေးစားကြောင်း၊ သို့သော် အမှားတချို့လုပ်ခဲ့ကြောင်းလည်း ဆူနက်ခ်က မှတ်ချက်ပြုခဲ့ပြီး ထိုအမှားများကို ပြင်ဆင်သွားမည်ဟု ဆိုသည်။

လစ်ဇ်ထရပ်စ်လက်ထက်မှ အမှားများကို ပြင်ဆင်ရန် ချက်ချင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆူနက်ခ်က ပြောသည်။ 

၎င်း၏ အစိုးရအနေဖြင့် အဆင့်တိုင်းတွင် ဂုဏ်သိက္ခာရှိမှု၊ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ပြီး ပြည်သူလူထု ယုံကြည်မှုရစေမည်ဟု ဝန်ကြီးချုပ်သစ်က ဆိုသည်။ 

COVID-19 နှင့် ယူကရိန်းစစ်ပွဲကြောင့် ယခုအခိုက်အတန့်တွင် ခက်ခဲမှုကြုံနေရသည်ကို အပြည့်အဝ နားလည်သဘောပေါက်ကြောင်းလည်း ၎င်းကပြောသည်။

နိုင်ငံကို အနာဂတ်သို့ ဦးဆောင်ရန် အသင့်ဖြစ်နေပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို နိုင်ငံရေးထက် ဦးစားပေးဖြစ်ကာ ပါတီ၏ အကောင်းဆုံးကို ကိုယ်စားပြုသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု ဝန်ကြီးချုပ်ဆူနက်ခက် ဆိုသည်။

 အင်္ဂလန်တောင်ပိုင်း ဆောက်သမ်တန်မြို့တွင် မွေးဖွားခဲ့သည့် ဆူနက်ခ်က ၂၀၁၅ ခုနှစ်မှစပြီး Richmond (Yorks) မဲဆန္ဒနယ်မြေ ကိုယ်စားပြု လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီဝင်ဖြစ်သူ ဆူနက်ခ်က ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့အထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆူနက်ခ်က ၂၀၀၉ ခုနှစ်တွင် အိန္ဒိယဘီလျံနာတစ်ဦး၏ သမီးဖြစ်သူ ဗြိတိန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Akshata Murty နှင့် လက်ထပ်ခဲ့ပြီး ကလေး (၂) ဦးရှိကြောင်း သိရသည်။

Source: BBC