တရုတ်တွင် နေ့အလိုက် COVID-19 ကူးစက်မှု ၂၀,၀၀၀ ကျော် စံချိန်တင် တွေ့ရှိရ

တရုတ်တွင် နေ့အလိုက် COVID-19 ကူးစက်မှု ၂၀,၀၀၀ ကျော် စံချိန်တင် တွေ့ရှိရ
By Mr John

 တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရမှု ၂၀,၀၀၀ ကျော် တိုးလာခဲ့ရာ ကပ်ရောဂါ စတင်ခဲ့ချိန်နောက်ပိုင်း နေ့အလိုက် အမြင့်ဆုံး ကူးစက်မှုအရေအတွက် ဖြစ်လာခဲ့သည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ဧပြီ (၆) ရက် ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၂၀,၄၇၂ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုအတောအတွင်း ကူးစက်မှုများ မြင့်တက်နေမှုကြောင့် lockdown သတ်မှတ်ထားသည့် ရှန်ဟိုင်းမြို့တွင် နောက်တစ်ကြိမ် COVID-19 စစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။

ရှန်ဟိုင်းမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုအခြေအနေက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်၏ လုံးဝသည်းမခံစတမ်း မဟာဗျူဟာအတွက် အဓိကစမ်းသပ်မှုတစ်ခုလည်း ဖြစ်လာသည်။ တရုတ်အာဏာပိုင်တွေက ဒေသလိုက် lockdown သတ်မှတ်ခြင်း၊ လူအမြောက်အမြားကို စစ်ဆေးခြင်းနဲ့ နိုင်ငံတကာခရီးသွားမှုကို တင်းကျပ်စွာ ကန့်သတ်ထားခြင်းတို့ဖြင့် ပြီးခဲ့တဲ့ မတ်လအထိ နေ့အလိုက် ကူးစက်မှုကို လျော့နည်းစေရန် ထိန်းချုပ်ထားခဲ့သည်။

သို့သော် လတ်တလော သီတင်းပတ်များအတွင်း တရုတ်နိုင်ငံမှာ နေ့အလိုက် ကူးစက်မှုများ ထောင်နဲ့ချီ မြင့်တက်လာခဲ့ပြီး တာဝန်ရှိသူတွေက ကူးစက်မြန်သည့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမှုကို တွေ့ရှိခဲ့ရကြောင်း ပြောထားသည်။ ကူးစက်မှုများ မြင့်တက်နေသည့် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ တစ်မြို့လုံးရှိ လူဦးရေ အားလုံးကို နောက်တစ်ကြိမ် COVID-19 စစ်ဆေးမှုများ ဧပြီ (၆) ရက်တွင် စတင်လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်သတင်းဌာန CCTV က ပြောသည်။

ရှန်ဟိုင်းမြို့၏ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အခြေအနေဟာ အလွန်ပြင်းထန်ကြောင်းနှင့် ကူးစက်ဖြစ်ပွားမှုက အထွတ်အထိပ်အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ Lei Zhenglong က ဆိုသည်။

၎င်း၏ ပြောဆိုမှုအရ ရှန်ဟိုင်းမြို့တွင် lockdown သတ်မှတ်ကာလ ဆက်လက်ရှည်ကြာနိုင်ဖွယ်ရှိပြီး ကျန်းမာရေးတာဝန်ရှိသူတွေက ကွန်ဗင်းရှင်းစင်တာတစ်ခုကို COVID-19 ကုသရေး ယာယီဆေးရုံအဖြစ် ပြောင်းလဲပြင်ဆင်ထားကြောင်းလည်း သိရသည်။

Source: AFP