ရှန်ဟိုင်းမြို့တွင် မြို့ခံအများစု မမျှော်လင့်ဘဲ နောက်တစ်ကျော့ COVID-19 စစ်ဆေးရမည်

Photo: REUTERS/Aly Song/File Photo
Photo: REUTERS/Aly Song/File Photo
ရှန်ဟိုင်းမြို့တွင် မြို့ခံအများစု မမျှော်လင့်ဘဲ နောက်တစ်ကျော့ COVID-19 စစ်ဆေးရမည်
By Mr John

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် ယခုသီတင်းပတ်အတွင်း မြို့ခံအများစုမှာ မမျှော်လင့်ဘဲ အစုအပြုံလိုက် COVID-19 စစ်ဆေးမှုများ နောက်တစ်ကြိမ်လုပ်ခဲ့ရသည်။ 

ရှန်ဟိုင်းတစ်မြို့လုံးကို တင်းကျပ်သည့် lockdown သတ်မှတ်ထားခဲ့မှု ရုပ်သိမ်းပြီးနောက် (၁၀) ရက်မျှအကြာတွင် COVID-19 စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်လာရာ မြို့ခံများ အဆင်မပြေဖြစ်ရပြီး စီးပွားရေးထိခိုက်မည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

ရှန်ဟိုင်းတွင် ကူးစက်မှုအနည်းငယ် တွေ့ရှိရပြီးနောက် ပိုမိုကျယ်ပြန့်သည့် ကူးစက်မှု မဖြစ်စေရန် အာဏာပိုင်တွေက မြို့၏ ခရိုင် (၁၆) ခု အနက် (၁၄) ခုတွင် နေထိုင်သူများကို ယခုသီတင်းပတ်ကုန်တွင် COVID-19 ရှိ မရှိ PCR (Polymerase Chain Reaction) စစ်ဆေးမှုလုပ်ရန် အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။ 

ခရိုင်အချို့တွင်မူ COVID-19 စစ်ဆေးမှုလုပ်ဆောင်နေစဥ် မြို့ခံများကို အိမ်ပြင်ထွက်ခွင့်မပြုဟု ဆိုသည်။

Changning ခရိုင်က ထုတ်ပြန်ထားသည့် အသိပေးချက်အရ ဓာတ်ခွဲနမူနာများရယူစဥ် အနီးကပ် စီမံခန့်ခွဲရန်အတွက် နေအိမ်တွင် နေထိုင်ရန်လိုအပ်ကြောင်း ပြောထားသည်။ 

ရှန်ဟိုင်းတွင် COVID-19 စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မှုအပေါ် Weibo အသုံးပြုသူများကြား အံ့ဩမှုနှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေသည့် တုံ့ပြန်ပြောဆိုမှုများကို ရှိနေသည်ဟု ဆိုသည်။ 

အများအပြားက နောက်တစ်ကြိမ် lockdown ပြန်သတ်မှတ်မည်ကို စိုးရိမ်ကြောင်း ပြောကြသည်။

ရှန်ဟိုင်းမြို့တွင် ဇွန်လ (၁) ရက်နေ့က lockdown ရုပ်သိမ်းလိုက်သော်လည်း မြို့၏လူဦးရေ (၂၅) သန်းကို တင်းကျပ်သည့် စစ်ဆေးမှုလိုအပ်ချက် ထုတ်ပြန်ထားခဲ့သည်။ 

ရှန်ဟိုင်းမြို့ခံများမှာ ဈေးဝယ်စင်တာများနှင့် ရုံးခန်းများကဲ့သို့ နေရာများ ဝင်ရောက်ရန် သို့မဟုတ် မြေအောက်ရထားနှင့် ဘတ်စ်ကား စီးနင်းရာ၌ပင် အနည်းဆုံး (၇၂) နာရီအတွင်း COVID-19 မရှိကြောင်း စစ်ဆေးမှုရလဒ်ကို ပြသရန်လိုအပ်ကြောင်း သိရသည်။ 

ရှန်ဟိုင်းမြို့တဝန်း ထောင်နှင့်ချီသည့် COVID-19 စစ်ဆေးရန် နေရာများတွင် နာရီများကြာ တန်းစီစောင့်ဆိုင်းရမှုကို မြို့ခံအများအပြားက စိတ်ပျက်လာခဲ့ကြသည်။

 

Source: Reuters