ပုဂ္ဂလိကပိုင် ဂျပန်ကုမ္ပဏီက လကမ္ဘာသို့ သမိုင်းဝင်ခရီးစဥ် လွှတ်တင်လိုက်ပြီး စီးပွားဖြစ် ဝန်ဆောင်မှုပေးရန် ရည်မှန်း

ပုဂ္ဂလိကပိုင် ဂျပန်ကုမ္ပဏီက လကမ္ဘာသို့ သမိုင်းဝင်ခရီးစဥ် လွှတ်တင်လိုက်ပြီး စီးပွားဖြစ် ဝန်ဆောင်မှုပေးရန် ရည်မှန်း
ဒီဇင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံမှ အသစ်တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခု၏ လကမ္ဘာသွား အာကာသယာဥ်ကို ဒီဇင်ဘာလ (၁၁) ရက်နေ့က လွှတ်တင်လိုက်ပြီး နိုင်ငံ၏ ပထမဆုံး လကမ္ဘာသွား အာကာသခရီးစဥ်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု၏ ပထမဆုံး လကမ္ဘာခရီးစဥ်ဖြစ်ကြောင်း သိရသည်။ 

ဂျပန်ကုမ္ပဏီ၏ အာကာသယာဥ်ကို အီလွန်မက်စ်၏ SpaceX ကုမ္ပဏီပိုင် ဒုံးပျံဖြင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Cape Canaveral အာကာသလွှတ်တင်ရေးစခန်းရှိ လွှတ်တင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ လကမ္ဘာသွား အာကာသယာဥ်ကို တိုကျိုအခြေစိုက် အာကာသနည်းပညာဆိုင်ရာ ဂျပန်ကုမ္ပဏီသစ် ispace က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး SpaceX ၏ Falcon 9 ဒုံးပျံဖြင့် ဒီဇင်ဘာလ (၁၁) ရက် နံနက် (၂) နာရီ (၃၈) မိနစ်တွင် လွှတ်တင်ခဲ့မှုကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ 

ယခု ပထမဆုံးခရီးစဥ်မှာ လကမ္ဘာနှင့်ပတ်သက်၍ ခိုင်မာအားကောင်းသော စီးပွားရေးစနစ်သို့ ပြောင်းလဲရေး အလားအလာအတွက် အခြေခံလုပ်ဆောင်မှုများကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီသစ်၏ အမှုဆောင်အရာရှိချုပ် Takeshi Hakamada က ဆိုသည်။

ယခုအချိန်အထိ အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ကသာ လကမ္ဘာ မျက်နှာပြင်ပေါ်သို့ ဆင်းသက်သည့်ယာဥ်များ လွှတ်တင်ထားနိုင်ခဲ့သည်။ 

ispace ၏ အာကာသခရီးစဥ်မှာ ဂျပန်ဘာသာစကားအရ "ယုန်ဖြူ" ဟု အဓိပ္ပါယ်ရသည့် Hakuto-R ခေါ် လကမ္ဘာသွားအစီအစဥ်၏ ပထမဆုံးမစ်ရှင်လည်း ဖြစ်ပြီး ispace က လွှတ်တင်လိုက်သည့် အာကာသယာဥ်မှာ လာမည့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း လကမ္ဘာ မျက်နှာပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

အရွယ်အစား (၆) ပေခွဲ x (၈) ပေရှိသည့် အဆိုပါ အာကာသယာဥ်က အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) က တည်ဆောက်ခဲ့သည့် အလေးချိန် (၂၂) ပေါင် (၁၀ ကီလိုဂရမ်) ရှိ လမျက်နှာပြင်ပေါ်သွားယာဥ်ကို သယ်ဆောင်သွားကြောင်း သိရသည်။ 

ယူအေအီးမှာ အာကာသလုပ်ငန်းနယ်ပယ်သို့ အသစ်ဝင်ရောက်လာသည့် နိုင်ငံဖြစ်သော်လည်း ယမန်နှစ်အတွင်းက အင်္ဂါဂြိုဟ်၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လေ့လာရေးယာဥ်တစ်စီးကို လွှတ်တင်ခဲ့သည်။

ဂျပန်ကုမ္ပဏီ၏ အာကာသယာဥ်တွင် ပါရှိသွားသော Rashid အမည်ရှိ လမျက်နှာပြင်ပေါ်သွားယာဥ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါက ၎င်းမှာ အာရပ်ကမ္ဘာ၏ ပထမဆုံး လကမ္ဘာသွားခရီးစဥ် ဖြစ်လာမည်။ 

ဝန်ထမ်းဦးရေ (၂၀၀) ရှိသည့် ဂျပန်အာကာသကုမ္ပဏီသစ် ispace က လူသားများ အာကာသအတွင်း ပိုမိုသွားရောက်နိုင်ရန်နှင့် လကမ္ဘာသို့ ကုန်ကျစရိတ်သက်သာသော စီးပွားဖြစ်ခရီးစဥ်များ ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Source: AFP, Reuters, CNN 

Photo: Mandatory credit Kyodo via REUTERS, AP/John Raoux,