COVID-19 ကူးစက်မှုများ စံချိန်တင် စစ်ဆေးမှုတွေ့ရှိရပြီးနောက် ရှန်ဟိုင်းတစ်မြို့လုံးကို  Lockdown သတ်မှတ်

COVID-19 ကူးစက်မှုများ စံချိန်တင် စစ်ဆေးမှုတွေ့ရှိရပြီးနောက် ရှန်ဟိုင်းတစ်မြို့လုံးကို  Lockdown သတ်မှတ်
By Mr John

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တစ်မြို့လုံးကို COVID-19 စစ်ဆေးမှု အစီအစဥ်အရ ကူးစက်မှုအသစ်များ ၁၃,၀၀၀ ကျော် စံချိန်တင် မြင့်တက်လာခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက စီးပွားရေးမြို့တော်၏ လူဦးရေ ၂၆ သန်းလုံး အကျုံးဝင်သည့် အသွားအလာ ကန့်သတ်မှုကို ဧပြီ (၅) ရက်နေ့က တိုးချဲ့သတ်မှတ်လိုက်ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့တွင် အသွားအလာကန့်သတ်နေထိုင်ရသည့် စည်းမျဥ်းများအပေါ် အများပြည်သူကြား ဒေါသဖြစ်မှုတိုးလာနေစဥ် အာဏာပိုင်တွေက ထိုသို့ တိုးချဲ့သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။



ယခုထုတ်ပြန်လိုက်သည့် အသွားအလာကန့်သတ်မှု lockdown အသစ်အရ ရှန်ဟိုင်းတစ်မြို့လုံး အကျုံးဝင်မည်ဟု ဆိုသည်။ ရှန်ဟိုင်းမြို့၏ အနောက်ပိုင်းခရိုင်များတွင် နောက်ထပ်အသိပေးချက် ထုတ်ပြန်ချိန်အထိ အသွားအလာကန့်သတ်မှုများ တိုးချဲ့ခဲ့ပြီးနောက် ယခုအခါ တစ်မြို့လုံးကို အသွားအလာကန့်သတ်သည့် lockdown သတ်မှတ်လိုက်ခြင်းဖြစ်သည်။



ရှန်ဟိုင်းမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ကူးစက်မှုအခြေအနေက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်၏ လုံးဝသည်းမခံစတမ်း မဟာဗျူဟာအတွက် အဓိကစမ်းသပ်မှုတစ်ခုလည်း ဖြစ်လာသည်။ အခြား နေရာဒေသများမှ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၃၈,၀၀၀ ကို ရှန်ဟိုင်းမြို့သို့ ခေါ်ယူထားရှိပြီး ၂၀၂၀ ခုနှစ် အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိရာ ဝူဟန်မြို့ကို ပိတ်ဆို့ခဲ့မှုနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြီးမားဆုံး ဆေးဘက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာက ဆိုသည်။



စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုနည်းစေရန် ရှန်ဟိုင်းမြို့တွင် အသွားအလာကန့်သတ်မှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ခဲ့သည်။ မူလက မြို့၏ အနောက်ပိုင်းခရိုင်များတွင် အသွားအလာကန့်သတ်မှုကို ဧပြီ (၅) ရက်အထိ သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ နောက်ထပ် အသိပေးချက် ထုတ်ပြန်ချိန်အထိ အသွားအလာကန့်သတ်ထားမည် ဖြစ်သည်။



ရှန်ဟိုင်းမြို့၏ အသွားအလာကန့်သတ်နေထိုင်ရန် စည်းမျဥ်းအရ ကလေးများကို မိဘများထံမှ သီးခြားခွဲထားမှုကြောင့် ဝေဖန်သံတွေလည်း ထွက်ပေါ်နေခဲ့သည်။ ရှန်ဟိုင်းမြို့တွင် ဧပြီ (၄) ရက်နေ့က ရောဂါလက္ခဏာမပြသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁၃,၀၈၆ ဦး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အာဏာပိုင်တွေက WeChat တွင် ပြောခဲ့သည်။

ဧပြီ (၃) ရက်နေ့က ကူးစက်မှုအသစ် ၈,၅၈၁ ဦး တွေ့ရှိခဲ့ရာမှ သိသာစွာ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ရှန်ဟိုင်းတစ်မြို့လုံးတွင် လူဦးရေ ၂၅ သန်းကျော်ကို ၂၄ နာရီအတွင်း COVID-19 စစ်ဆေးမှုအစီအစဥ် လုပ်ဆောင်ခဲ့ပြီးနောက် ကူးစက်မှုအသစ်များ စံချိန်တင် တွေ့ရှိလာရခြင်းဖြစ်ကြောင်း သိရသည်။



Source: Reuters