ထိုင်းနိုင်ငံတွင် COVID 19 ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်သူ (၇၀၀)ကျော်ရှိနေပြီး ခရိုင် (၃၃)ခုတွင် ပျံ့ပွားနေ

ထိုင်းနိုင်ငံတွင် COVID 19 ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်သူ (၇၀၀)ကျော်ရှိနေပြီး ခရိုင် (၃၃)ခုတွင် ပျံ့ပွားနေ

 ထိုင်းနိုင်ငံအတွင်း ခရိုင် (၃၃)ခုတွင် COVID 19 ဗီဇမျိုးကွဲ အိုမီခရွန်ကူးစက်သူ စုစုပေါင်း (၇၃၉) ဦးရှိနေပြီး ယင်းတို့အနက် (၂၅၁)ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဌာနက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကူးစက်မှုအလွန်မြန်လွန်းသည့် အိုမီခရွန်ကို ခရိုင် ၃၃ ခုတွင် တွေ့ရှိထားပြီး ယင်းအနက် (၁၉)ခရိုင်တွင် ပြည်တွင်းကူးစက်မှုဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အိုမီခရွန်ကူးစက်ခံရသူတွေ့ရှိနှုန်းမှာ လွန်ခဲ့သည့် (၂) ရက်အတွင်း တရှိန်ထိုးမြင့်တက်သွားပြီး ကာလာစန်ဒေသတွင် ဒီဇင်ဘာလ (၁၀) ရက်နေ့က အိုမီခရွန်တွေ့ရသည့် ဘယ်လ်ဂျီယံမှ ပြန်လာသည့် စုံတွဲတစ်တွဲနှင့်ဆက်စပ်ပြီး ခရိုင် ၁၂ ခုမှ ရာနှင့်ချီသောလူများကို ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါစုံတွဲသည် နေရာပေါင်းများစွာကို သွားလာခဲ့ပြီး ၎င်းတို့သွားလာခဲ့သည့် အချို့သော စားသောက်ဆိုင်များမှာ ဆိုင်ပြည့်နီးပါး လူစည်ကားသည့်နေရာများဖြစ်သည်ဟု သိရသည်။

ယခင် COVID 19 ဗီဇမျိုးကွဲများထက် ကူးစက်မှုပို၍မြန်ဆန်လွန်းသည့် အိုမီခရွန်မှာ လက်ရှိတွင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။