ထိုင်းနိုင်ငံရှိ တရုတ်ပိုင် စတီးစက်ရုံတွင် ကရိန်း ပျက်ကျမှုကြောင့် မြန်မာအလုပ်သမား (၇)ဦး သေဆုံး၊ လျော်ကြေးအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ (၁၆)သိန်းဖြင့် သဘောတူ

ထိုင်းနိုင်ငံရှိ တရုတ်ပိုင် စတီးစက်ရုံတွင် ကရိန်း ပျက်ကျမှုကြောင့် မြန်မာအလုပ်သမား (၇)ဦး သေဆုံး၊ လျော်ကြေးအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ (၁၆)သိန်းဖြင့် သဘောတူ
By Mr John

 ထိုင်းနိုင်ငံ ရယောင်းပြည်နယ် ပလွပ်ဒန်းခရိုင်ရှိ  တရုတ်ပိုင် Xin Ke Yuan စတီးလ်စက်ရုံ( XIN KE YUAN STEEL COMPANY LIMITED )တွင် ၂၀၂၄ ခုနှစ် မတ်လ (၂၉) ရက်နေ့က ဆောက်လုပ်ရေး ကရိန်းတစ်ခု ပျက်ကျမှုကြောင့် မြန်မာအလုပ်သမား (၇) ဦး သေဆုံးခဲ့ပြီးနောက် မြန်မာအလုပ်သမားများက လျော်ကြေးငွေအတွက် တောင်းဆို ဆန္ဒပြရာ တစ်ဦးလျှင် ဘတ်ငွေ (၁၆)သိန်းဖြင့် အလုပ်ရှင်ဘက်က သဘောတူလိုက်ကြောင်း သိရသည်။ 

ကရိန်းပျက်ကျမှုကြောင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၆) ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်။

မျက်မြင်များ၏ အဆိုအရ (၃၂၈) ပေ (မီတာ ၁၀၀) ခန့် အမြင့်ရှိ နေရာတစ်ခုသို့ အလုပ်သမား (၇) ဦးကို ပို့ဆောင်နေစဥ် ကရိန်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ အမြင့်မှ ပြုတ်ကျကာ (၆) ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

ထိုဖြစ်ရပ်အပြီးတွင် မြန်မာနိုင်ငံသား အများစု ပါဝင်သော အလုပ်သမားများက သေဆုံးသူများအတွက် လျော်ကြေးငွေ တောင်းဆိုသည့်အတိုင်း အလုပ်ရှင်ဘက်က  သဘောမတူပေးသေးသ၍  ကယ်ဆယ်ရေးသမားများကို အလောင်းများ သယ်ယူခွင့်မပေးဘဲ ဆန္ဒပြခဲ့ကြသည်။

အလုပ်သမားများက ကရိန်းပျက်ကျမှုကြောင့် သေဆုံးသူ တစ်ဦးစီအတွက် ၎င်းတို့၏ မိသားစုများကို လျော်ကြေးငွေ ဘတ် (၅) သန်းစီ ပေးရန် စတီးလ်စက်ရုံ ကုမ္ပဏီကို တောင်းဆိုကြခြင်း ဖြစ်သည်။ 

ကနဦးတွင် ကုမ္ပဏီက သေဆုံးသူတစ်ဦးအတွက် ဘတ်ငွေ (၅)သိန်းသာ ပေးမည်ဟု သဘောတူသည့်အတွက် အလုပ်သမားများက သေဆုံးသူတစ်ဦးစီအတွက် လျော်ကြေးငွေ ဘတ် (၅) သန်း ချက်ချင်းပေးရန် အခိုင်အမာ တောင်းဆိုခဲ့ကြသည်။

တစ်ချိန်တည်းတွင် သေဆုံးသူများ၏ ဆွေမျိုးများက ယခုဖြစ်ရပ်ကို သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြသည်။ 

သေဆုံးသွားသည့် အလုပ်သမားများ၏ ဆွေမျိုးများမှာ ဝမ်းနည်းပူဆွေးနေကြပြီး အချို့က စိတ်မထိန်းနိုင်ဖြစ်ကာ စက်ရုံခေါင်မိုးပေါ်သို့ ပစ္စည်းများ ပစ်ပေါက်ခဲ့ကြသည်။ 

နောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မှုခင်းနှိမ်နင်းရေးဌာနခွဲနှင့် ရယောင်းပြည်နယ်မှ အရာရှိများ အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

၂၀၂၄ ခုနှစ် မတ်လ (၂၉) ရက်နေ့ ည (၇) နာရီတွင် ပလွပ်ဒန်း ရဲစခန်းမှ စခန်းမှူး ရဲဗိုလ်မှူးကြီး Chaiphong Saengphongchai နှင့် ရဲအရာရှိ (၃၀) ဦးတို့က မြန်မာအလုပ်သမား (၃၀) ကျော်နှင့် ဆွေးနွေးညှိနှိုင်းရန် ရောက်ရှိလာကြောင်း သိရသည်။ 

မြန်မာအလုပ်သမားများက သေဆုံးသူ (၆) ဦး၏ အလောင်းများကို သယ်ယူရန် ရောက်ရှိနေသည့် ကယ်ဆယ်ရေးယာဥ် (၄) စီးကို ဝိုင်းထားခဲ့ကြသည်။ 

ထိုစတီးလ်စက်ရုံတွင် အလုပ်သမားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့စဥ် အလုပ်ရှင်က လျော်ကြေးမပေးခဲ့သည့် ဖြစ်စဥ် ရှိခဲ့ဖူးကြောင်း မြန်မာအလုပ်သမားတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။ 

ယခုအကြိမ်တွင် လျော်ကြေးပေးမည်ဟု ပြောထားသော်လည်း ယခင်ဖြစ်စဉ်များအရ အလုပ်ရှင်၏ စကားကို မယုံကြည်တော့ဟု ဆိုသည်။ 

ယနေ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားများဘက်က တစ်ဦးလျှင် ဘတ်(၅)သန်းစီ လျော်ကြေးအဖြစ်တောင်းဆိုရာ အလုပ်ရှင်ဘက်က သဘောမတူနိုင်၍ မြန်မာအလုပ်သမား (၅၀၀)ကျော်မှ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

ယင်းနောက် ဆွေးနွေးညှိနှိုင်းမှု (၅)နာရီကျော်အကြာတွင် ထိုင်းအခြေစိုက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့( WAG ) အပါအဝင် လွှတ်တော်ကိုယ်စားများဖြစ်သည့် ဝမ်ဂျစ် လောဟရိုဇနာဖန် နှင့် ချူတီပွန်ဖိဇောင်ညို အပါအဝင် ရယောင်းခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Pongphan Wongmaneethet၊  ပလွပ်ဒန်းရဲစခန်းမှူး  ရဲမှူးကြီး Chaiphong Saengphongchai နှင့် Xin Ke Yuan စတီးလ်စက်ရုံဘက်က တာဝန်ရှိသူ ချုတီပွန်တို့အကြား ညှိနှိုင်းမှုများအရ လူမှုဖူလုံရေးရန်ပုံငွေ အပါအဝင် သေဆုံးသူ မြန်မာလုပ်သား (၇)ဦးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၆)သိန်းဖြင့် သဘောတူခဲ့ကြကြောင်း သိရသည်။

မြန်မာအလုပ်သမား (၇)ဦး၏ ဈာပနာ စရိတ်များအားလုံးကို အလုပ်ရှင်ဘက်က တာဝန်ယူပေးရမည်ဖြစ်ပြီး လျှော်ကြေးငွေများနှင့် ပတ်သက်၍လည်း (၇)ဦးအတွက် တစ်ဦးလျှင် ဘတ်ငွေ(၅)သိန်းကို အရင်ဆုံး ပေးသွားမည်ဖြစ်ပြီး ကျန်လျော်ကြေးငွေများကို (၃)လအတွင်း အလုပ်ရှင်ဘက်က ပေးရမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု သိရသည်။

လျော်ကြေးငွေကိစ္စနှင့် ပတ်သက်ပြီး မြန်မာအလုပ်သမားများဘက်က သဘောတူညီခဲ့ကြပြီးနောက် ဆန္ဒပြမှုများကို ရုတ်သိမ်းလိုက်သလို အလောင်းသယ်ဆောင်ရန်အတွက်လည်း လမ်းဖယ်ပေးလိုက်ကြကြောင်း သိရသည်။

 

Source: Khaosod, 3Plus News

Photo: Khaosod English, อีจัน