အမေရိကန်၏ မိုးပျံပူးဖောင်းများလည်း တရုတ်၏ လေပိုင်နက်အတွင်း (၁၀)ကြိမ်ကျော် ဝင်ရောက်ပျံသန်းမှုများရှိခဲ့ဟု တရုတ်ဘက်က ဆို

[ Photo: REUTERS/Thomas Peter ]
[ Photo: REUTERS/Thomas Peter ]
အမေရိကန်၏ မိုးပျံပူးဖောင်းများလည်း တရုတ်၏ လေပိုင်နက်အတွင်း (၁၀)ကြိမ်ကျော် ဝင်ရောက်ပျံသန်းမှုများရှိခဲ့ဟု တရုတ်ဘက်က ဆို
ဖေဖော်ဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ယခုရက်ပိုင်းအတွင်း အမေရိကန်စစ်တပ်က နိုင်ငံလေပိုင်နက်ထဲသို့ ဝင်ရောက်ပျံသန်းနေသည့် တရုတ်၏ စပိုင် မိုးပျံပူဖောင်းတစ်လုံးကို ပစ်ချခဲ့ပြီးနောက် တရုတ်ဘက်ကလည်း အမေရိကန် မိုးပျံပူဖောင်းများမှာ ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက ၎င်းတို့၏ လေပိုင်နက်ထဲသို့ ခွင့်ပြုချက်မရှိဘဲ (၁၀) ကြိမ်ကျော် ဝင်ရောက်ပျံသန်းခဲ့သည်ဟု ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က ပြောဆိုလိုက်သည်။

"ပြီးခဲ့တဲ့နှစ်ကတည်းက အမေရိကန်ရဲ့ မိုးပျံပူဖောင်းတွေ တရုတ်လေပိုင်နက်ထဲကို သက်ဆိုင်ရာ တရုတ်အစိုးရဌာနများထံကနေ ခွင့်ပြုချက်မရှိဘဲ (၁၀) ကြိမ်ကျော် ဝင်ရောက်ပျံသန်းခဲ့တယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြေခွင့်ရပုဂ္ဂိုလ် Wang Wenbin က ဘေဂျင်းမြို့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းတစ်ခုကို ပြန်လည်ဖြေကြားစဥ် ထည့်သွင်းပြောခဲ့သည်။

အမေရိကန် မိုးပျံပူဖောင်းများမှာ စစ်ဘက်ဆိုင်ရာအတွက် သို့မဟုတ် သူလျှိုလုပ်ငန်းအတွက်ဖြစ်ကြောင်း အသေးစိတ်ကိုမူ Wang က မပြောခဲ့ဟု ဆိုသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်၏ ပြောဆိုမှုအပေါ် မှတ်ချက်ပေးရန် ချက်ချင်း မတုံ့ပြန်သေးဟု Reuters သတင်းက ဖော်ပြသည်။ 

အမေရိကန်က တောင်ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်တွင် မိုးပျံပူဖောင်းတစ်လုံးကို ပစ်ချခဲ့ကာ ၎င်းမှာ တရုတ်၏ စပိုင် မိုးပျံပူဖောင်းဖြစ်သည်ဟု အခိုင်အမာ ပြောခဲ့ပြီးနောက် တရုတ်ဘက်ကလည်း တုံ့ပြန်ပြောဆိုမှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုးပျံပူဖောင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်-တရုတ် သံတမန်ရေးပြဿနာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အမေရိကန်က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ တရုတ်ခရီးစဥ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းလည်း သိရသည်။ 

တရုတ်ဘက်ကမူ ထိုမိုးပျံပူဖောင်းမှာ အရပ်ဘက် သုတေသနအတွက်ဖြစ်ကြောင်းနှင့် မတော်တဆ လမ်းကြောင်းမှားပြီး အမေရိကန်လေပိုင်နက်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

"အမေရိကန်ဘက် ပထမဆုံး လုပ်သင့်တဲ့အရာက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့၊ နည်းလမ်းတွေပြောင်းဖို့ပါ။ စွပ်စွဲမှုတွေလုပ်ပြီး ထိပ်တိုက်တွေ့ရေး လှုံ့ဆော်ဖို့ မဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang က ဆိုသည်။ 

အမေရိကန်က ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် မိုးပျံပူးဖောင်းကြီး တစ်လုံးအပါအဝင် ယခုရက်ပိုင်းအတွင်း နောက်ထပ် သေးငယ်သည့် အရာဝတ္တု (၂) ခုကိုလည်း ပစ်ချခဲ့သေးပြီး အဌဂံပုံသဏ္ဌာန်ရှိကြောင်း သိရသည်။

Source: CNN, Reuters