ယူကရိန်းစစ်ပွဲ နှစ်နှင့်ချီ ကြာရှည်နိုင်ကြောင်း NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲ သတိပေး

Photo: AFP
Photo: AFP
ယူကရိန်းစစ်ပွဲ နှစ်နှင့်ချီ ကြာရှည်နိုင်ကြောင်း NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲ သတိပေး
By Mr John

ယူကရိန်းစစ်ပွဲမှာ နှစ်နှင့်ချီ ကြာရှည်နိုင်သည့်အတွက် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ယူကရိန်းကို ဆက်လက် ကူညီထောက်ပံ့ရန် ပြင်ဆင်ရမည်ဟု NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက သတိပေးပြောဆိုလိုက်သည်။ 

NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က စစ်ပွဲ ကုန်ကျစရိတ် ကြီးမားသော်လည်း ရုရှားကို ၎င်း၏ စစ်ရေးရည်မှန်းချက်များ အောင်မြင်ခွင့်ပြုလိုက်ခြင်း၏ တန်ဖိုးက ပို၍ပင် ကြီးမားကြောင်း ပြောခဲ့သည်။

ခေတ်မီလက်နက်များ ထောက်ပံ့ပေးခြင်းဖြင့် ယူကရိန်းတပ်ဖွဲ့များက နိုင်ငံ၏အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအား ရုရှားထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အခွင့်အလမ်းကို ပိုမိုမြှင့်တင်ပေးလိမ့်မည်ဟု NATO အကြီးအကဲ၏ ပြောကြားချက်ကို ဂျာမနီသတင်းစာ Bild am Sonnatag ဇွန်လ (၁၉) ရက်နေ့တွင် ဖော်ပြထားသည်။ 

ယူကရိန်းမြို့တော် ကိဗ်မြို့ကို သိမ်းပိုက်ရန် မအောင်မြင်၍ ရုရှားတပ်ဖွဲ့တွေက မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။

၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားကျူးကျော်တိုက်ခိုက်မှု မတိုင်မီကတည်းက ဒွန်ဘတ်စ်၏ နေရာအစိတ်အပိုင်းများကို ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားကြောင်း သိရသည်။ 

လက်ရှိတွင် ဒွန်ဘတ်စ်ဒေသရှိ အဓိကကျပြီး တိုက်ပွဲများပြင်းထန်နေခဲ့သော Severodonetsk မြို့ကို ရုရှားတပ်ဖွဲ့တွေက အဝင်အထွက် လမ်းကြောင်းအားလုံး ဖြတ်တောက်ပိတ်ဆို့ထားပြီး တစ်မြို့လုံးကို ထိန်းချုပ်ရန်လုပ်ဆောင်နေရာ အရပ်သားအရေအတွက် သောင်းနှင့်ချီ ပိတ်မိနေခဲ့သည်။

ယူကရိန်းစစ်ပွဲ ကြာရှည်နိုင်ကြောင်း NATO အကြီးအကဲ၏ ယခုသတိပေးမှု မတိုင်မီ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အလားတူ သတိပေးခဲ့ဖူးပြီး ကာလရှည်ကြာ ပဋိပက္ခတစ်ခုအတွက် ပြင်ဆင်ရန်လိုအပ်ကြောင်း ပြောခဲ့သည်။ 

လက်နက်များ ပိုမိုပေးပို့ခြင်းက ယူကရိန်းအတွက် စစ်ပွဲအနိုင်ရနိုင်ခြေ ပိုများစေမည်ဟု Jens Stoltenberg နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ နှစ်ဦးလုံးက ဆိုသည်။

"ဒီစစ်ပွဲက နှစ်နဲ့ချီကြာနိုင်တဲ့ အမှန်တရားအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ ယူကရိန်းကို ကူညီထောက်ပံ့မှုတွေ ကျွန်တော်တို့ ရပ်လို့မရပါဘူး" ဟု NATO အကြီးအကဲ Jens Stoltenberg က Bild am Sonnatag သတင်းစာနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။ 

NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg

စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုအတွက်သာမက မြင့်တက်လာသည့် စွမ်းအင်နှင့် စားနပ်ရိက္ခာ ဈေးနှုန်းများကြောင့် ကုန်ကျစရိတ်ကြီးမားနေခဲ့ရင်တောင် ယူကရိန်းကို ဆက်လက် ကူညီရမည်ဟု ၎င်းကဆိုသည်။

Source: BBC, Reuters