တောင်ကိုရီးယားနှင့် အမေရိကန်က ဒုံးကျည် (၈)စင်း ပစ်လွှတ်ပြီး မြောက်ကိုရီးယားကို သတိပေး

Photo:  Joint Chiefs of Staff/Yonhap
Photo: Joint Chiefs of Staff/Yonhap
တောင်ကိုရီးယားနှင့် အမေရိကန်က ဒုံးကျည် (၈)စင်း ပစ်လွှတ်ပြီး မြောက်ကိုရီးယားကို သတိပေး
By Mr John

မြောက်ကိုရီးယား၏ တစ်ရက်တည်း ဒုံးကျည် (၈) စင်း ပစ်လွှတ်မှုကို တုံ့ပြန်သတိပေးသည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဇွန်လ (၆) ရက်နေ့တွင် ဒုံးကျည် (၈) စင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေစဥ် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဒုံးကျည်များ ပစ်လွှတ်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ၎င်း၏ အစိုးရအနေဖြင့် မြောက်ကိုရီးယား၏ ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ပြောခဲ့သည်။ 

"ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေးမှာ အက်ရာတစ်ခုမျှပင် မရှိစေဖို့ သေချာအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု တောင်ကိုရီးယားသမ္မတက ဆိုသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဥ်များမှာ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ သာမက အရှေ့မြောက်အာရှနှင့် ကမ္ဘာတွင်လည်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သည့်အဆင့် ဖြစ်လာကြောင်း ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သည့် စစ်ပွဲအတွင်း သေဆုံးခဲ့သူတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားတွင် သမ္မတယွန်းဆက်ယိုက ပြောခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပုံမှန်လုပ်ဆောင်လေ့ရှိသည့်အပေါ် မြောက်ကိုရီးယားက မကြာခဏ ဒေါသထွက်ခဲ့သည်။ 

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန်လ (၅) ရက်နေ့တွင် မြောက်ကိုရီးယားက ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်းသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၈) စင်း ပစ်လွှတ်စမ်းသပ်ခဲ့သည်။

ထိုလုပ်ရပ်ကို တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း Army Tactical Missile Systems (ATACMS) ဒုံးကျည် (၈) စင်းကို ဇွန်လ (၆) ရက်နေ့တွင် ပစ်လွှတ်ခဲ့သည်။ 

ဒုံးကျည်တစ်စင်းကို အမေရိကန်မှ ပစ်လွှတ်ခဲ့ပြီး (၇) စင်းကို တောင်ကိုရီးယားမှ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 

ယခုလုပ်ဆောင်မှုက အမေရိကန်၏ လက်နက်အကူအညီဖြင့် တောင်ကိုရီးယားက ၎င်း၏စွမ်းရည်ကို တုံ့ပြန်ပြသလိုက်ခြင်းဖြစ်ကြောင်း လေ့လာသူတွေက ဆိုသည်။

သီတင်းပတ်များစွာအတွင်း အမေရိကန်နှင့် တောင်ကိုရီးယားက မြောက်ကိုရီးယားကို ဒုတိယအကြိမ် ထိုသို့ တုံ့ပြန်ပြသမှုလည်း ဖြစ်လာသည်။ 

မြောက်ကိုရီးယားက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ တောင်ကိုရီးယားနှင့် ဂျပန် ခရီးစဥ်အပြီးတွင် ဒုံးကျည်များ ပစ်လွှတ်ခဲ့သေးသည်။ 

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က ဒုံးကျည်များ ပစ်လွှတ်ကာ တုံ့ပြန်သတိပေးခြင်းမှာ ယခင် တောင်ကိုရီးယားအစိုးရလက်ထက်တွင် ရှားပါးသည့်လုပ်ဆောင်မှုလည်း ဖြစ်သည်။

မေလအတွင်း တောင်ကိုရီးယားသမ္မတဖြစ်လာသည့် ယွန်းဆက်ယိုက မြောက်ကိုရီးယားအရေးတွင် ပိုမိုတင်းမာသည့် ချဥ်းကပ်မှုလုပ်ဆောင်မည်ဟု ကတိပြုထားသည်။ 

မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟော နှစ်သိမ့်သည့်ခေတ် ကုန်သွားပြီဖြစ်ပြီး တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဘက်က စတင်ရမည်ဟု သမ္မတယွန်းဆက်ယိုက မေလ (၂၃) ရက်နေ့တွင် ပြောခဲ့သည်။

အထီးကျန်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားက မကြာသေးမီ လများအတွင်း ဒါဇင်နှင့်ချီသည့် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများ လုပ်ဆောင်နေခဲ့သည်။ 

မြောက်ကိုရီးယားက (၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Intercontinental Ballistic Missile (ICBM) တစ်စင်းကိုလည်း ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။ 

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများ လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားပြီး ယခင် စမ်းသပ်မှုများအပြီးတွင် တင်းကျပ်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။

Source: BBC, Reuters