မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟောပြီး နှစ်သိမ့်သည့်ခေတ် ကုန်သွားပြီဟု တောင်ကိုရီးယားသမ္မတသစ်က ပြောဆို

 မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟောပြီး နှစ်သိမ့်သည့်ခေတ် ကုန်သွားပြီဟု တောင်ကိုရီးယားသမ္မတသစ်က ပြောဆို
By Mr John

 မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟော နှစ်သိမ့်သည့်ခေတ် ကုန်သွားပြီဖြစ်ပြီး တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဘက်က စတင်ရမည်ဟု တောင်ကိုရီးယား၏ ကွန်ဆာဗေးတစ် သမ္မတသစ် ယွန်းဆက်ယို (Yoon Suk Yeol) က မေလ (၂၃) ရက်နေ့တွင် ပြောလိုက်သည်။ 

လွန်ခဲ့သည့် သီတတင်းနှစ်ပတ်က သမ္မတဖြစ်လာခဲ့ပြီးနောက် ၎င်း၏ ပထမဆုံး မီဒီယာအင်တာဗျူးအဖြစ် CNN သတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ယွန်းဆက်ယိုက "ဥက္ကဌ ကင်မ်က ပြဿနာကို ဆွေးနွေးဖြေရှင်းဖို့ အချိန်ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နဲ့ ဆွေးနွေးမှုတစ်ခုစတင်ဖို့က သူရဲ့ရွေးချယ်မှုပဲ"ဟု ပြောသည်။

မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည် (၁၅) စင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ထိုအရေအတွက်မှာ လွန်ခဲ့သည့် (၂) နှစ်အတွင်း စုစုပေါင်း ပစ်လွှတ်ခဲ့မှုထက် ပိုများကြောင်း သိရသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံ၏ နျူးကလီးယားတပ်ဖွဲ့ကို အင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် လုပ်ဆောင်မည်ဟု ဧပြီလအတွင်း ကြုံးဝါးထားခဲ့သည်။

တောင်ကိုရီးယားနှင့် မဟာမိတ်များက မြောက်ကိုရီးယား၏ ရန်စသည့်လုပ်ရပ်မှန်သမျှအတွက် အသင့်ပြင်ထားကြောင်း သမ္မတယွန်းဆက်ယိုက ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း ၎င်း၏သမ္မတရုံးအသစ်တွင် CNN နှင့် တွေ့ဆုံခဲ့စဥ် ပြောခဲ့သည်။ 

"မြောက်ကိုရီးယား ရန်စမှု သို့မဟုတ် ပဋိပက္ခကနေ ခေတ္တလွတ်နေဖို့က ကျွန်တော်တို့ လုပ်သင့်တဲ့အရာ မဟုတ်ဘူး" ဟု ယခင်က နှစ်နိုင်ငံကြား ကျေးအေးကြရေး မဟာဗျူဟာကို ရည်ညွှန်းပြောဆိုခဲ့သည်။ 

"ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဒီလို ချဥ်းကပ်မှုမျိုးက မအောင်မြင်ဘူးဆိုတာ တွေ့ပြီးပြီ" ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ဆိုသည်။

အစိုးရရှေ့နေဟောင်းနှင့် နိုင်ငံရေးတွင် မျက်နှာသစ်တစ်ဦးဖြစ်သူ ယွန်းဆက်ယိုက မြောက်ကိုရီးယားနှင့် ပတ်သက်၍ ၎င်း၏ သဘောထားတင်းမာသည့် ရပ်တည်ချက်ကို အပြောင်းအလဲမရှိ အလေးထား ပြောနေခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ကို ပိုမို အင်အားတောင့်တင်းစေလိုသူဖြစ်ရာ ဆွေးနွေးရေးနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အားပေးခဲ့သူ ယခင်သမ္မတ မွန်ဂျေအင်း၏ ရပ်တည်ချက်နှင့် မတူကွဲပြားနေခဲ့သည်။

၎င်း၏ တင်းမာသော ရပ်တည်ချက်ရှိသော်လည်း တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက မြောက်ကိုရီးယားကို ပြိုလဲမသွားစေလိုကြောင်း မေလ (၂၃) ရက်နေ့ CNN နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။ 

"ကျွန်တော် လိုချင်တာက ကိုရီးယားကျွန်းဆွယ်မှာ မျှဝေခံစားပြီး ဘုံသာယာဝပြောရေးပါ" ဟု ၎င်းကဆိုသည်။

 သို့သော် "မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည် တိုးမြှင့်နေမှုက နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အကူအညီဖြစ်တယ်လို့ ကျွန်တော် လက်မခံပါဘူး" ဟု တောင်ကိုရီးယားသမ္မတက ဖြည့်စွက်ပြောခဲ့သည်။

Source: CNN