ဆားဘီးယားတွင် (၂) ရက်အတွင်း ဒုတိယအကြိမ် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ပွားပြီး (၈) ဦး သေဆုံး

ဆားဘီးယားတွင် (၂) ရက်အတွင်း ဒုတိယအကြိမ် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ပွားပြီး (၈) ဦး သေဆုံး

 

ဆားဘီးယားနိုင်ငံတွင် (၂) ရက်အတွင်း ဒုတိယအကြိမ် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၈) ဦး သေဆုံးပြီး (၁၄) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် သံသယရှိသူကို ရဲတပ်ဖွဲ့က မေလ (၅) ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ဆားဘီးယားသမ္မတ Aleksandar Vucic က ပြောဆိုလိုက်ပြီး တင်းကျပ်သည့် သေနတ်ထိန်းချုပ်ရေးကို အဆိုပြုခဲ့သည်။

မေလ (၄) ရက် ညပိုင်းက ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မြို့၏ တောင်ဘက် (၂၆) မိုင်အကွာရှိ Dubona ကျေးရွာတွင် ပစ်ခတ်မှု စတင်ဖြစ်ပွားကြောင်း အာဏာပိုင်များက ပြောသည်။ 

ဆားဘီးယားနိုင်ငံပိုင် RTS သတင်းဌာန၏ အဆိုအရ ထိုပစ်ခတ်တွင် သံသယရှိသူမှာ လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး ကျောင်းဝင်းတစ်ခုအတွင်း ရန်ပွဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားက ကျောင်းဝင်းမှ ထွက်ခွာသွားပြီးနောက် ချေမှုန်းရေး ရိုင်ဖယ်သေနတ်တစ်လက်နှင့် ပစ္စတိုတစ်လက်နှင့်အတူ ပြန်ရောက်လာပြီး ပစ်ခတ်ခဲ့သည်။ 

ထို့နောက် ကားမောင်းသွားရင်း ကြုံရာလူကို ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။ 

သံသယရှိသူမှာ ထွက်မပြေးမီ အနီးအနားရှိ အခြား ကျေးရွာ (၂) ရွာမှ လူများကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ပြီး နောက်ဆုံးတွင် အဘိုးဖြစ်သူ၏ နေအိမ်တွင် ပုန်းအောင်နေသည့် အဆိုပါ သံသယရှိသူ အမျိုးသားကို တွေ့ရှိဖမ်းဆီးခဲ့သည်။ 

၎င်းနှင့်အတူ လက်ပစ်ဗုံးများ၊ အော်တိုမတ်တစ် ရိုင်ဖယ်တစ်လက်နှင့် ကျည်ဆန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ 

ရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသား၏ အဘိုးဖြစ်သူနှင့် ဦးလေးတို့ကိုလည်း ဖမ်းဆီးခဲ့သည်။

ဆားဘီးယားတွင် မေလ (၃) ရက်နေ့ကလည်း ဘဲလ်ဂရိတ်မြို့တော်ရှိ စာသင်ကျောင်းတစ်ခုအတွင်း အသက် (၁၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးက ပစ်ခတ်မှုကြောင့် အတန်းဖော် (၈) ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦး သေဆုံးပြီး လူ (၇) ဦး ဒဏ်ရာရခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ 

ထိုဖြစ်ရပ်တွင် စာသင်ကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် ယောက်ျားလေးက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Antonio Bronic ,