နပန်းဖျော်ဖြေမှုကုမ္ပဏီ WWE ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ CEO ဖြစ်သူ Vince ရာထူးကနေ နုတ်ထွက်

CEO Vince McMahon  နှင့် ၎င်း၏ သားမက်ဖြစ်သူ  နပန်းသမား Triple H
CEO Vince McMahon နှင့် ၎င်း၏ သားမက်ဖြစ်သူ နပန်းသမား Triple H
နပန်းဖျော်ဖြေမှုကုမ္ပဏီ WWE ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ CEO ဖြစ်သူ Vince ရာထူးကနေ နုတ်ထွက်
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြဿနာများနှင့် ရင်ဆိုင်နေရသည့် WWE နပန်းဖျော်ဖြေမှုကုမ္ပဏီ World Wrestling Entertainment Inc. ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်(CEO)ဖြစ်သူ Vince McMahon က ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ (၂၂) ရက်နေ့တွင် ကြေညာခဲ့သည်။ 



"အသက် (၇၇) နှစ်မှာ ကျွန်တော့်အတွက် အနားယူဖို့အချိန်ပါပဲ" ဟု McMahon က Twitter တွင် ရေးထားသည်။

McMahon က WWE ကို ကျေးဇူးတင်ကြောင်းလည်း ပြောထားပြီး ၎င်းနုတ်ထွက်ကြောင်း ကြေညာမှုတွင် 'WWE' နှင့် 'thankful' ဟု hashtag နှင့်အတူ အဆုံးသတ်ထားသည်။ 

McMahon က WWE ၏ စီအီးအိုအဖြစ်မှ ဆန္ဒအလျောက် နုတ်ထွက်တော့မည်ဟု ဇွန်လအတွင်း ကြေညာခဲ့သည်။ 

၎င်းကို စွပ်စွဲထားမှုပါဝင်နေသည့် အကျင့်ပျက်မှု စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေစဥ် McMahon က ထိုသို့ ကြေညာထားခဲ့ခြင်းလည်း ဖြစ်သည်။

WWE အကြီးအကဲအဖြစ်မှ နုတ်ထွက်မည်ဟု McMahon ၏ ကြေညာမှုမှာ ၎င်းနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိခဲ့သည့် အမျိုးသမီးများကို ငွေပေးပြီး နှုတ်ပိတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာမှုနှင့် တိုက်ဆိုင်နေခဲ့သည်။ 

Wall Street Journal ၏ အဆိုအရ McMahon က ၂၀၀၆ ခုနှစ်အတွင်း ထိုသို့ နှုတ်ပိတ်ခပေးခဲ့ကြောင်းနှင့် စုစုပေါင်း အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၂) သန်းဖြစ်ကြောင်း သိရသည်။

WWE ဝက်ဘ်ဆိုက်ကမူ McMahon ကို ၎င်း၏ အင်ပါယာကို ကြမ်းတမ်းစွာနှင့် ထိရောက်စွာ တည်ဆောက်ခဲ့သည့် အမျိုးသားတစ်ဦးဖြစ်ကြောင်းဖြင့် ညွန်းဆိုပြောထားသည်။ 

McMahon နုတ်ထွက်သွားပြီးနောက် ယခုအခါ ၎င်း၏သမီး Stephanie McMahon က Nick Khan နှင့်အတူ ပူးတွဲစီအီးအိုအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

Stephanie က နပန်းသမားတစ်ဦးဖြစ်ပြီး Triple H ဟု လူသိပိုများသူ Paul Levesque နှင့် လက်ထပ်ထားသည်။ 

Paul က ၎င်း၏ ယခင်ရာထူးဖြစ်သော ဆက်ဆံရေးအကြီးအကဲဖြစ် ပြန်လည်တာဝန်ယူသွားမည်ဟု WWE က ဇူလိုင်လ (၂၂) ရက်တွင် ကြေညာခဲ့သည်။ 

စီအီးအိုအဖြစ်မှ နုတ်ထွက်သွားသည့် McMahon မှာ ၎င်း၏ဖခင်ထံမှ တာဝန်လွှဲပြောင်းယူခဲ့ပြီး WWE ကို ၁၉၈၂ ခုနှစ်ကတည်းက ထိရောက်အောင်မြင်စွာ ဦးဆောင်ခဲ့သည်။

 WWE ကုမ္ပဏီ၏ ၂၀၂၁ ခုနှစ် ဝင်ငွေမှာ ဒေါ်လာ (၁) ဘီလီယံကျော်ခဲ့ကြောင်း သိရသည်။

Source: New York Daily News