မြောက်ကိုရီးယားက တစ်ရက်တည်း ဒုံးကျည် (၈) စင်း ပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားက တစ်ရက်တည်း ဒုံးကျည် (၈) စင်း ပစ်လွှတ်စမ်းသပ်
By Mr John

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်းသို့ ဇွန်လ (၅) ရက်နေ့က တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၈) စင်း ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်တည်း တစ်ရက်တည်းတွင် ဒုံးကျည်အများဆုံး ပစ်လွှတ်မှုဖြစ်နိုင်သည်ဟု ဆိုသည်။

မြောက်ကိုရီးယားက ပြုံယမ်းမြို့တော် Susan ဧရိယာအပါအဝင် နေရာ (၄) ခုကနေ ဆိုးလ်မြို့စံတော်ချိန် နံနက် (၉) နာရီ (၈) မိနစ်နှင့် (၉) နာရီ (၄၃) မိနစ်ကြားတွင် ဒုံးကျည် (၈) စင်းထက်မနည်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်များမှာ အကွာအဝေး မိုင် (၇၀) နှင့် (၃၇၀) မိုင်အတွင်းနှင့် အမြင့် (၁၅) မိုင်ကျော်မှ (၅၆) မိုင်ခန့်အတွင်းသို့ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယာစစ်ဘက်က ပြောသည်။

မြောက်ကိုရီးယားက တစ်ကြိမ်တည်းတွင် ဒုံးကျည် (၈) စင်းအထိ ပစ်လွှတ်မှုမှာ မကြုံစဖူးဖြစ်ကြောင်း ဂျပန်နိုင်ငံကဆိုသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်မှုအဖြစ် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ (၅) ရက်တွင် လုပ်ဆောင်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုများမှာ ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ (၁၇) ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုလည်း ဖြစ်လာသည်။

ယခုမတိုင်မီ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ တောင်ကိုရီးယားနှင့် ဂျပန်သို့ လာရောက်ခဲ့သည့် အာရှခရီးစဥ်အပြီး မေလ (၂၅) ရက်နေ့တွင် မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၅) ရက်နေ့ ဒုံးကျည်ပစ်လွှတ်မှုများကို ပြုံယမ်းမြို့တော် Sunan ဧရိယာ၊ South Pyongan ပြည်နယ်ရှိ Kaechon ၊ North Pyongan ပြည်နယ်ရှိ Tongchang-ri နှင့် South Hamgyong ပြည်နယ်ရှိ Hamhung တို့မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားတွင် နိုင်ငံတော်လုံခြုံရေးကောင်စီ National Security Council (NSC) အစည်းအဝေးပြုလုပ်ခဲ့ရာ သမ္မတယွန်းဆက်ယို တောင်ကိုရီးယားနှင့် အမေရိကန်၏ ဟန့်တားလုပ်ဆောင်မှု တိုးချဲ့ရန်နှင့် ညီညွတ်သော ကာကွယ်ရေးကို ဆက်လက်အားဖြည့်ရန် ညွှန်ကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများမှာ တောင်ကိုရီးယားအစိုးရသစ်၏ လုံခြုံရေးအဆင်သင့်ဖြစ်ခြင်းကို စမ်းသပ်မှုနှင့် စိန်ခေါ်မှုဖြစ်ကြောင်း NSC အစည်းအဝေးက ကောက်ချက်ချခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

Source: CNN, Reuters