အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး 

 ဆက်သွယ်ရေးဝန်ကြီး Johnny G. Plate ဖမ်းဆီးလိုက်စဉ် [ Photo:  Antara Foto/Reno Esnir ]
ဆက်သွယ်ရေးဝန်ကြီး Johnny G. Plate ဖမ်းဆီးလိုက်စဉ် [ Photo: Antara Foto/Reno Esnir ]
အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး 
By Mr John

 

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရအဖွဲ့ အကြီးတန်း ဝန်ကြီးတစ်ဦးကို နိုင်ငံတော်၏ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလီယံတစ်ဝက်ကျော် ဆုံးရှုံးစေခဲ့သည့် အဂတိလိုက်စားမှု စွဲချက်များဖြင့် ၂၀၂၃ခုနှစ် မေလ (၁၇) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဆက်သွယ်ရေးဝန်ကြီး Johnny G. Plate မှာ သမ္မတဂျိုကိုဝီဒိုဒို၏ အစိုးရလက်ထက်တွင် အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ခံရသည့် (၅) ဦးမြောက် ဝန်ကြီးလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း အင်ဒိုနီးရှားအစိုးရ၏ လူမှုရေးဝန်ကြီးနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီးတို့ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ 

ဆက်သွယ်ရေးဝန်ကြီး Johnny ကို ထောင်နှင့်ချီသည့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းကိရိယာ ဝယ်ယူမှုတွင် ပါဝင်ပက်သက်မှုအတွက် ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရှေ့နေချုပ်ရုံး Attorney General's Office (AGO) က ပြောသည်။

ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ခြင်းဖြင့် ထောင်နှင့်ချီသည့် ကျေးရွာများတွင် အင်တာနက်အသုံးပြုလာနိုင်မည်ဟု Johnny ၏ ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်တွင် တင်ပြထားခဲ့သည်။

 Johnny ကို အစိုးရဘတ်ဂျက်သုံးစွဲသူနှင့် ဝန်ကြီးတစ်ဦးအဖြစ် ဖမ်းဆီးခဲ့ကြောင်း AGO အရာရှိ Kuntadi က ပြောခဲ့ပြီး ဝန်ကြီး၏ ပါဝင်ပတ်သက်မှု အသေးစိတ်ကို ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

အခြား AGO အရာရှိ Ketut Sumedana ကမူ ဆက်သွယ်ရေးဝန်ကြီး Johnny မှာ အင်ဒိုနီးရှား အဂတိလိုက်စားမှုဥပဒေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ထိုပြစ်မှုက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ကြောင်း သိရသည်။ 

ဝန်ကြီး Johnny ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီးဌာနက ဥပဒေလုပ်ငန်းစဥ်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအမှု ကိစ္စကြောင့် အများပြည်သူဝန်ဆောင်မှုများ အနှောင့်အယှက်ဖြစ်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်သွယ်ရေးဝန်ကြီးကို ဖမ်းဆီးမှုမှာ မျှော်လင့်ထားသည့်ဖြစ်ရပ် မဟုတ်ကြောင်း သမ္မတဂျိုကိုဝီ၏ ရုံးခန်းက ဆိုသည်။ 

"သမ္မတက အစိုးရအရာရှိတွေကို ဂရုတစိုက် လုပ်ဆောင်ကြဖို့ မကြာခဏ သတိပေးထားခဲ့ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတရုံးမှ တာဝန်ရှိသူ Jaleswari Pramodhawardhani က ပြောသည်။ 

ဆက်သွယ်ရေးဝန်ကြီး စွပ်စွဲခံရသည့် အဂတိလိုက်စားမှုတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေ အင်ဒိုနီးရှား ရူပီယာ (၈) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄၄ သန်း) ဆုံးရှုံးခဲ့ကြောင်း AGO က ဆိုသည်။

Source: Reuters