ဂျပန်နိုင်ငံတွင် အမျိုးသားတစ်ဦးက ဘဏ်အကောင့်ထဲ မှားရောက်လာသည့် COVID ထောက်ပံ့ကြေး ဂျပန်းယန်း (၄၆)သန်းကျော်ကို လောင်ကစားပြုလိုက်၍ အကုန် ကုန်သွား

ဂျပန်နိုင်ငံတွင် အမျိုးသားတစ်ဦးက ဘဏ်အကောင့်ထဲ မှားရောက်လာသည့် COVID ထောက်ပံ့ကြေး ဂျပန်းယန်း (၄၆)သန်းကျော်ကို လောင်ကစားပြုလိုက်၍ အကုန် ကုန်သွား
By Mr John

ဂျပန်နိုင်ငံတွင် အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးက ဘဏ်အကောင့်ထဲသို့ မှားယွင်းရောက်ရှိလာသည့် သန်းနှင့်ချီသော ဂျပန်ယန်းငွေများကို အွန်လိုင်းလောင်းကစားလုပ်ခဲ့ရာမှ ကုန်သွားခဲ့ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

ထိုအမျိုးသားက ၎င်း၏ဘဏ်အကောင့်ထဲတွင် ဂျပန်ယန်းငွေ (၄၆.၃) သန်း (အမေရိကန်ဒေါ်လာ ၃၅၇,၄၀၀) ကို လက်ခံရရှိခဲ့ပြီး ထိုငွေများမှာ COVID-19 ထောက်ပံ့ကြေးအဖြစ် အိမ်ထောင်စု (၄၆၃) ဦးအတွက် ခွဲဝေးပေးရန်ဖြစ်ကြောင်း သိရသည်။



ကနဦးတွင် ထိုအမျိုးသားက အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်သွားခဲ့သည်ဟု ဆိုသည်။

ဂျပန်တောင်ပိုင်း Yamaguchi စီရင်စုရှိ Abu မြို့မှ အာဏာပိုင်တွေက ၎င်းကို တရားစွဲထားသည်။

ကပ်ရောဂါကြောင့် ငွေရေးကြေးရေး အခက်ကြုံရသည့် ဝင်ငွေနည်းအိမ်ထောင်စု (၄၆၃) ခုအတွက် အစိုးရထောက်ပံ့ကြေးအဖြစ် အိမ်ထောင်စုတစ်ခုလျှင် ဂျပန်ယန်းငွေ ၁၀၀,၀၀၀ ပေးအပ်မည့်အစီအစဥ်အရ စုစုပေါင်း ယန်းငွေ (၄၆.၃) သန်းကို ဧပြီလ (၈) ရက်နေ့က အလွှဲအပြောင်းပြုလုပ်ခဲ့စဥ် ထိုအမျိုးသား၏ ဘဏ်အကောင့်ထဲသို့ မှားယွင်းလွှဲပေးမိခဲ့ခြင်း ဖြစ်သည်။



နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုအရ ၎င်းက နေ့စဥ် ယန်းငွေ ၆၀၀,၀၀၀ စီကို နှစ်ပတ်အတွင်း ထုတ်ယူသွားခဲ့ကြောင်း ဂျပန်ပြည်တွင်းမီဒီယာက ဖော်ပြသည်။

အာဏာပိုင်တွေက ထိုအမျိုးသားနှင့် အဆက်အသွယ်ရချိန်တွင် ၎င်းထံတွင် ငွေများမရှိတော့ဟု ဆိုသည်။

"ကျွန်တော် ငွေတွေကို လွှဲလိုက်ပြီးပြီ။ ပြန်မရနိုင်တော့ဘူး။ ဒါကို ပြန်ပြင်လို့ မရတော့ဘူး။ ကျွန်တော်ထွက်မပြေးပါဘူး။ ကျွန်တော့်ပြစ်မှုအတွက် ပေးဆပ်သွားမှာပါ" ဟု ၎င်းက အာဏာပိုင်တွေကို ထိုစဥ်က ပြောခဲ့သည်။



သို့သော် ယခုအခါ ထိုအမျိုးသားမှာ ပျောက်ဆုံးနေပြီး ရှေ့နေဖြစ်သူက မေလ (၁၇) ရက်နေ့တွင် မီဒီယာများကို ပြောကြားမှုအရ ၎င်း၏အမှုသည်မှာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စီရင်စုဆိုင်ရာ ရဲတပ်ဖွဲ့ထံတွင် စစ်ဆေးမေးမြန်းခံမည်ဟု သဘောတူညီထားခဲ့ကြောင်း သိရသည်။

သို့သော် မေလ (၁၂) ရက်နေ့တွင် ၎င်းကို တရားစွဲဆိုခဲ့ပြီးနောက် တာဝန်ရှိသူတွေက ဆက်သွယ်၍ မရတော့ကြောင်း ရှေ့နေက ပြောသည်။



ထိုအမျိုးသားက ၎င်း၏ စမတ်ဖုန်းမှတစ်ဆင့် အွန်လိုင်းကာစီနို ဝက်ဆိုက်များတွင် လောင်းကစားပြုလုပ်ခဲ့ရာမှ ငွေများအားလုံး ကုန်သွားခဲ့ကြောင်း ရှေ့နေက ရှင်းပြသည်။

"ကျွန်တော့်မှာ လောလောဆယ် ငွေမရှိဘူး။ လက်ထဲမှာ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုလည်း ဘာမှမရှိဘူး။ ငွေတွေပြန်ပေးဖို့ တကယ်ခက်တယ်"ဟု ‌ရှေ့နေက ၎င်း၏အမှုသည်ကို ကိုးကားပြီးပြောခဲ့ကြောင်း The Asahi Shimbun သတင်းက ဖော်ပြသည်။



Abu မြို့ အစိုးရအဖွဲ့ Abu Municipal Government က ထိုအမျိုးသားကို တရားရုံးစရိတ်များ အပါအဝင် ဂျပန်ယန်းငွေ (၅၁) သန်းအတွက် တရားစွဲဆိုထားကြောင်း သိရသည်။

မြို့တော်ဝန် Norihiko Hanada က မှားယွင်းမှုအတွက် အလေးအနက် တောင်းပန်ကြောင်းနှင့် ၎င်း၏ရုံးခန်းက ပြည်သူ့ဘဏ္ဍာငွေအများအပြားကို ပြန်လည်ရရှိရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ပြောသည်။

ထောက်ပံ့ကြေးရပိုင်ခွင့်ရှိသည့် အိမ်ထောင်စုများကို နောက်ထပ် ဂျပန်ယန်းငွေ ၁၀၀,၀၀၀ စီ ထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။



Source: BBC

https://www.bbc.com/news/world-asia-61477904