အမေရိကန်နိုင်ငံ မူလတန်းကျောင်း ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ဆရာမ၏ခင်ပွန်း နှလုံးရောဂါဖြင့် ကွယ်လွန်

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဆရာမ အာမာဂါစီယာ နှင့် ၎င်း၏ ခင်ပွန်း
ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဆရာမ အာမာဂါစီယာ နှင့် ၎င်း၏ ခင်ပွန်း
အမေရိကန်နိုင်ငံ မူလတန်းကျောင်း ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ဆရာမ၏ခင်ပွန်း နှလုံးရောဂါဖြင့် ကွယ်လွန်
By Mr John

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဆရာမတစ်ဦး၏ ခင်ပွန်း နှလုံးထိခိုက်ပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကွယ်လွန်သွားသူ ဂျိုးဂါစီယာမှာ Robb မူလတန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဆရာမ အာမာဂါစီယာ၏ ခင်ပွန်းဖြစ်သည်။

မေလ (၂၇) ရက် ညပိုင်းအထိ ဂါစီယာမိသားစုအတွက် အွန်လိုင်းမှတစ်ဆင့် ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂.၃) သန်းကျော် စုဆောင်းရရှိထားပြီး ကနဦးတွင် ဒေါ်လာ (၁၀,၀၀၀) ရရှိရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ကူညီထောက်ပံ့ငွေ စုဆောင်းနိုင်သည့် GoFundMe ဝက်ဘ်ဆိုက်၏ အဆိုအရ ယခုအစီအစဥ်ကို အာမာ၏ ဝမ်းကွဲညီအစ်မတော်စပ်သူ ဒီဘရာအော်စတင်က စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဂျိုးက အသဲကွဲပြီး ကွယ်လွန်ခဲ့တာလို့ ကျွန်မ အမှန်တကယ် ယုံကြည်တယ်" ဟု ဒီဘရာအော်စတင်က ပြောခဲ့သည်။

အာမာ၏ တူဖြစ်သူ ဂျွန်မာတီနက်ဇ်ကလည်း အဒေါ်၏ခင်ပွန် ဂျိုးမှာ သောကပူဆွေးမှုကြောင့် ကွယ်လွန်သွားခဲ့ကြောင်း Twitter တွင် ရေးသားထားသည်။

မစ္စတာဂျိုးမှာ သေစေနိုင်သော နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း Fox သတင်းဌာန လက်အောက်ခံ ဒေသခံသတင်းဌာနက ဖော်ပြသည်။

အာမာမှာ ထိုမူလတန်းကျောင်းတွင် ဆရာမအဖြစ် (၂၃) နှစ်ကြာ လုပ်ကိုင်ခဲ့သူဟု ဆိုသည်။

ဂျိုးနှင့်အာမာတို့မှာ အိမ်ထောင်သက် (၂၄) နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးတွင် အသက် (၁၂) နှစ်မှ (၂၃) နှစ်အရွယ်ရှိ ယောက်ျားလေး (၂) ဦးနှင့် မိန်းကလေး (၂) ဦး စုစုပေါင်း သားသမီး (၄) ဦး ကျန်ရစ်ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရာရှိများက စာသင်ခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဆရာမဖြစ်သူ အာမာက ကလေးများကို ၎င်း၏နောက်ဆုံးထွက်သက်အထိ ပွေ့ဖက်ထားခဲ့မှုကို တွေ့ခဲ့ရကြောင်း တူဖြစ်သူ ဂျွန်မာတီနက်ဇ်က New York Times သတင်းဌာနကို ပြောခဲ့သည်။

"သူမက သူမရဲ့စာသင်ခန်းထဲက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကာကွယ်သွားခဲ့တယ်။ သူမက သူရဲကောင်းတစ်ဦးပါ" ဟု ဂျွန်မာတီနက်ဇ်က GoFundMe ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

Uvalde မြို့ရှိ Robb မူလတန်းကျောင်း ပစ်ခတ်မှုအတွင်း နောက်ထပ် ဆရာမတစ်ဦးဖြစ်သူ Eva Mireles လည်း သေဆုံးခဲ့သည်။

မေလ (၂၄) ရက် နံနက်ပိုင်းက Robb မူလတန်းကျောင်းအတွင်း စာသင်ခန်းတစ်ခုထဲသို့ ဆယ်ကျော်သက် သေနတ်သမား ဆယ်လ်ဗာဒေါရာမို့စ် (Salvador Ramos) က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့သည်။

အသက် (၁၈) နှစ်အရွယ် သေနတ်သမား ရာမို့စ်က ၎င်းနှင့်အတူနေထိုင်သည့် အဘွားကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် အိမ်ကနေထွက်လာခဲ့ကာ မူလတန်းကျောင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းကိုလည်း လုံခြုံရေးအရာရှိတွေက အပြန်အလှန် ပစ်ခတ်မှုအတွင်း အသေပစ်သတ်ခဲ့ကြောင်း သိရသည်။

 

Source: BBC