ဘရာဇီးတွင် အချစ်အခံရဆုံး အင်တာနက်စတားဖြစ်နေသည့် ရဲခွေး 

ဘရာဇီးတွင် အချစ်အခံရဆုံး အင်တာနက်စတားဖြစ်နေသည့် ရဲခွေး 
အောက်တိုဘာ 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 လမ်းဘေးကနေ ကယ်တင်ခဲ့ရာမှ ဘရာဇီးရဲတပ်ဖွဲ့ဝင်ဖြစ်လာသည့် ခွေးလေးတစ်ကောင်မှာ ဘရာဇီး၏ အချစ်အခံရဆုံး အင်တာနက်စတား ဖြစ်လာသည်ဟု ဆိုသည်။ 

တပ်ကြပ်အိုလီဗီရာ "Corporal Oliveira" ဟု အမည်ပေးထားသည့် ထိုခွေးလေးကို ၂၀၁၉ ခုနှစ်အတွင်း ၎င်း၏ ရဲစခန်းအနီး စွန့်ပစ်ထားသည်ကို ရီယိုဒီဂျနေယိုမြို့ ရဲတပ်ဖွဲ့အရာရှိ ခရစ္စတီယာနို အိုလီဗီရာက တွေ့ခဲ့ခြင်းဖြစ်သည်။ 

ထိုစဥ်က ခွေးလေးမှာ ဒဏ်ရာရရှိထားပြီး ဆာလောင်နေခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ထားပြီး ကလေးကစားစရာ သေနတ်တစ်လက်နှင့် နေကာမျက်မှန်တပ်ထားသည့် ခွေးလေး အိုလီဗီရာက ရီယိုဒီဂျနေယိုမြို့ အမှတ် (၁၇) စစ်ရဲတပ်ဖွဲ့၏ တရားဝင်တပ်ဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ၎င်း၏အရာရှိနှင့်အတူ လိုက်ပါကင်းလှည့်ကာ ဆိုင်ကယ်များဘေးမှ အပြေးလိုက်လာတတ်သည်။

 ခွေးလေးကို ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ကာ ရဲစခန်း၏ တာဝန်ကျအုပ်စုများထံ ပေးပို့ခဲ့ကြောင်းနှင့် ထိုဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြရာမှ ပျံ့နှံ့သွားခဲ့ကြောင်း ရဲအရာရှိအိုလီဗရာက ပြောသည်။

ယခုအခါ ရဲခွေးလေး တပ်ကြပ်အိုလီဗီရာက ၎င်း၏ကိုယ်ပိုင် Instagram အကောင့်ရှိပြီး follower (၁၁၇,၀၀၀) ကျော်ရှိကြောင်းလည်း သိရသည်။ 

"သုံးရက်လောက် သူ့ဓာတ်ပုံ မတင်ရင် လူတွေက တင်ပေးဖို့ တောင်းဆိုထားကြပြီဗျ။ သူတို့က အိုလီဗီယာ ဘယ်ရောက်နေလဲ? အိုလီဗီယာ ဘာလုပ်နေလဲ? လို့ မေးကြတယ်လေ" ဟု ရဲအရာရှိက ရယ်မောရင်း ပြောခဲ့သည်။

Source: Reuters