ရုရှားတပ်ဖွဲ့များ ကျူးလွန်းသည့် စစ်ရာဇဝတ်မှုပေါင်း (၂၁၀၀၀)ကျော်ကို ယူကရိန်း  စစ်ဆေးနေ

ရုရှားတပ်ဖွဲ့များ ကျူးလွန်းသည့် စစ်ရာဇဝတ်မှုပေါင်း (၂၁၀၀၀)ကျော်ကို ယူကရိန်း  စစ်ဆေးနေ
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကျူးကျော်မှု စတင်ခဲ့စဥ် ကတည်းက ရုရှားတပ်ဖွဲ့များ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုနှင့် ကျူးကျော်ရန်လိုမှု ရာဇဝတ်မှု အမှုပေါင်း(၂၁,၀၀၀) ကျော်ကို စုံစမ်းစစ်ဆေးနေကြောင်း ယူကရိန်းက ပြောသည်။ 

ယူကရိန်းရှေ့နေချုပ် Iryna Venediktova က BBC သတင်းဌာနကို ပြောကြားမှုအရ သူမအနေဖြင့် တစ်နေ့လျှင် စစ်ရာဇဝတ်မှု (၂၀၀) မှ (၃၀၀) ကြား တိုင်ကြားမှုများ လက်ခံရရှိနေသည်ဟု သိရသည်။

အမှုကြားနာစစ်ဆေးမှု အများအပြားကို စွပ်စွဲခံရသူ မပါရှိဘဲ မျက်ကွယ်တွင် ပြုလုပ်သွားမည်ဟု ရှေ့နေချုပ်က ဆိုသည်။

 ရုရှားက ယူကရိန်းနိုင်ငံကို ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကစပြီး ယနေ့အထိ ကျူးကျော်ခဲ့ပြီးနောက် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ အားလုံးကို ရုရှားဘက်က အပြတ်အသတ် ငြင်းဆိုထားသည်။

အရပ်သားများကို သတ်ဖြတ်ခဲ့၊ ညှဥ်းပန်နှိပ်စက်ခဲ့ သို့မဟုတ် အဓမ္မပြုကျင့်ခဲ့သည့် ရုရှားစစ်သားများ အနေဖြင့် ၎င်းတို့အားလုံး မည်သည့်အချိန်တွင် တရားရုံးရောက်လိမ့်မည်ကိုသာ မေးခွန်းထုတ်စရာရှိကြောင်း ယူကရိန်းရှေ့နေချုပ် Venediktova က BBC ၏ World Service Outside Source အစီအစဥ်တွင် သတိပေးလိုက်သည်။

၎င်း၏အဖွဲ့က ယူကရိန်းနိုင်ငံတဝန်း နယ်မြေများတွင် အမှုကိစ္စများ ဆောင်ရွက်နေသော်လည်း အချို့လူများထံနှင့် နေရာများသို့ မရောက်ရှိနိုင်တာကြောင့် အမှုအားလုံးကို စနစ်တကျနှင့် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိဟု Venediktova က ဆိုသည်။

စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း သံသယရှိသူ (၆၀၀) ခန့်ကို ဖော်ထုတ်သိရှိထားပြီးဖြစ်ကာ တရားစွဲဆိုမှု (၈၀) စတင်လုပ်ဆောင်ထားကြောင်း ယူကရိန်းရှေ့နေချုပ်က မေလအတွင်း ပြောခဲ့သည်။ 

ယူကရိန်းတွင် အရပ်သားတစ်ဦးအား သတ်ဖြတ်ခဲ့မှုအတွက် စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး စွဲချက်တင်ခံရသည့် ရုရှားစစ်သား Vadim Shishimarin ကို မေလအတွင်း ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ကိဗ်မြို့တော်အနီးရှိ Bucha ၊ Borodyanka နှင့် အခြား မြို့များတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်းနေရာများကို တွေ့ရှိရကြောင်းနှင့် ထိုနေရာများကို ရုရှားတပ်ဖွဲ့များက ခေတ္တသိမ်းပိုက်ခဲ့ကြောင်း ယူကရိန်းက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး International Criminal Court (ICC) က ယူကရိန်းကို မှုခင်းဖြစ်ပွားသည့်နေရာအဖြစ် ရည်ညွှန်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများတွင် ကူညီရန် ၎င်း၏ အကြီးဆုံး စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။

#TachileikNewsAgency

Source: BBC