လာအိုနိုင်ငံ ရခိုင်(မြန်မာ)ရွာမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးတွင် ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ လာရောက် စာရင်းပေးသွင်းနိုင်

လာအိုနိုင်ငံ ရခိုင်(မြန်မာ)ရွာမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးတွင် ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ လာရောက် စာရင်းပေးသွင်းနိုင်

လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသို့ ပြန်မည်သူများ၏ စာရင်းများကို ဇွန်လ(၂၂)ရက်နေ့အထိ အချိန် (၂)ချိန် ခွဲ၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားရုံးက အသိပေးထားရှိသည်။

လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်း၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်းရှိ ရခိုင်(မြန်မာ)ရွာတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှ ဇွန်လ(၂၂)ရက်နေ့အထိ တရုတ်စံတော်ချိန် နံနက် (၈)နာရီမှ နေ့လည်(၁၂)နာရီအထိ နှင့် နေ့လည်(၂)နာရီမှ ည(၆)နာရီအထိ ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးတွင် မှတ်ပုံတင်ယူလာပြီး စာရင်းပေးရမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

သုံးရက်အတွင်း စာရင်းကောက်ပြီး အထက်ကို ပြန်တင်မှာပါ။ ပြန်ချင်တဲ့သူ မှတ်ပုံတင်ယူလာပြီး စာရင်းလာပေးရမှာပါ။

ဟု လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် အလုပ်သမားရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်ရန်အတွက် ယခင်က စာရင်းပေးသွင်းထားသည့် လူဦးရေမှာ (၃၀၀)ဝန်းကျင်ရှိနေသော်လည်း ယခုအခါမှာ စာရင်းများကို အသစ်ပြန်လည် ကောက်ခံမည်ဖြစ်သည့်အတွက် ယခင်က စာရင်းပေးထာသူများအနေဖြင့်လည်း ယခုအခါမှာ စာရင်းအသစ် ပြန်လည်ပေးရမည်ဖြစ်ကြောင်း နှင့် စောင့်ရမည်ကာလမှာ ယခင်လိုတော့ မကြာနိုင်ကြောင်း သိရသည်။

ဇွန်လ(၂၂)ရက်နေ့ ညအထိ ကောက်ခံရရှိသည့် နေရပ်ပြန်စာရင်းများကို ပြုစုပြီ အထက်ဌာနအထိ တင်ပြပြီးနောက် ပြန်ခွင့်ကျလာပါ။ မြန်မာနိုင်ငံ တာချီလိတ်ခရိုင်ဘက်သို့ စာရင်းပေးပို့ပြီး ပြန်မည့်ရက် ညှိနှိုင်းကာ ပြန်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်မည့်သူများအနေဖြင့် ယခင်က နေရပ်ပြန်သွားသူများကဲ့သို့ပင် စုရပ်မှ မိုင်းမောဆိပ်ကမ်းအထိ ကားများဖြင့် ပို့ဆောင်ပေးကြမည်ဖြစ်ပြီး မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ လှေဖြင့်ကူးရန်အတွက် ကူးခကို မိမိငွေဖြင့် ကုန်ကျမည်ဖြစ်ပြီး တာချီလိတ်ဘက် ဝမ်ပုံဆိပ်ကမ်းတွင် မြန်မာဘက်မှ တာဝန်ရှိသူများက Covid-19 စစ်ဆေးခြင်း၊ ပစ္စည်းများအား စစ်ဆေးခြင်း၊ နိုင်ငံသား စစ်ဆေးခြင်းများ ပြုလုပ်ပြီး နေရပ် ပြန်ရင်အတွင် စီစဉ်ပေးမည့် ကားများဖြင့် ပြန်ရမည်ဖြစ်သော်လည်း အဆိုပါ ကားခကို နေရပ်ပြန်မည့်သူများကသာ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။