COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာကြောင်း မြောက်ကိုရီးယား သတင်းထုတ်ပြန်၊ လူဦးရေ (၃)သိန်းခွဲ ဖျားနာနေဟု ဆို

COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာကြောင်း မြောက်ကိုရီးယား သတင်းထုတ်ပြန်၊ လူဦးရေ (၃)သိန်းခွဲ ဖျားနာနေဟု ဆို
By Mr John

မြောက်ကိုရီးယားက နိုင်ငံအတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာကြောင်း အစိုးရမီဒီယာကနေ အတည်ပြု ထုတ်ပြန်လိုက်ပြီး နောက်ထပ် လူဦးရေ ထောင်ပေါင်းများစွာ ဖျားနာနေကြကြောင်း ဖြည့်စွက်ပြောသည်။

ဖျားနာပြီးနောက် လူခြောက်ဦး သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အနက်မှ တစ်ဦးထံတွင် အိုမီခရွန်ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိရကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က မေလ (၁၃) ရက်တွင် ဖော်ပြသည်။

KCNA ၏ အဆိုအရ ဖျားနာနေသူ ၁၈၇,၀၀၀ ကို သီးခြားခွဲထားပြီး ကုသပေးနေကြောင်းလည်း သိရသည်။

ကျွမ်းကျင်သူတွေက မြောက်ကိုရီးယားတွင် COVID-19 ဗိုင်းရပ်စ်ရှိနေသည်မှာ အချိန်တစ်ခုကြာပြီဟု ယူဆထားခဲ့ကြစဥ် အာဏာပိုင်တွေကတော့ ပထမဆုံးကူးစက်မှုကို မေလ (၁၂) ရက်နေ့မှသာ တရားဝင်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားအာဏာပိုင်၏ ထုတ်ပြန်မှုအရ ပြုံယမ်းမြို့တော်တွင် အိုမီခရွန်ကူးစက်မှု တွေ့ရှိရပြီး lockdown စီမံဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားအာဏာပိုင်တွေက COVID-19 ကူးစက်ခံထားရသူ အရေအတွက် အတိအကျကိုမူ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။

သို့သော် မေလ (၁၃) ရက်တွင် KCNA က နောက်ဆုံးအခြေအနေ သတင်းဖော်ပြရာတွင် ကူးစက်မှုမှာ ပြုံယမ်းမြို့တွင် သာမကဘဲ အခြားနေရာများတွင်ပါ ဖြစ်ပွားနေကြောင်း ပြောခဲ့သည်။

"မည်သို့ ကူးစက်ခံရကြောင်း မသိရသော ဖျားနာသူတစ်ဦးက ဧပြီလနှောင်းပိုင်းမှစပြီး တစ်နိုင်ငံလုံးကို ကူးစက်ပျံ့နှံ့စေခဲ့သည်" ဟု KCNA က ဆိုသည်။

လက်ရှိတွင် လူဦးရေ ၃၅၀,၀၀၀ တွင် ဖျားနေကြကြောင်း KCNA က ဖြည့်စွက်ပြောခဲ့ပြီး COVID-19 ကူးစက်ခံရသူ အရေအတွက်မည်မျှ စစ်ဆေးတွေ့ရှိကြောင်းကို မဖော်ပြခဲ့ပေ။

လေ့လာသူတွေကတော့ အတိအကျ မဖော်ပြထားသော ဖျားနာမှုများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ဖြစ်ပွားနေကြောင်း ဝန်ခံမှုအပါအဝင် အစိုးရသတင်းဌာနက နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ မြောက်ကိုရီးယားနိုင်ငံတွင် မကြုံခဲ့ဖူးသည့် ကူးစက်ဖြစ်ပွားမှု ကြုံနေရပြီဟု သုံးသပ်ကြသည်။

မြောက်ကိုရီးယား၏ လူဦးရေ (၂၅) သန်းမှာ ကာကွယ်ဆေးထိုးမထားမှုနှင့် ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းမှုတို့ကြောင့် ကူးစက်လွယ်သူများဖြစ်ကြောင်းလည်း ကျွမ်းကျင်သူတွေက ဆိုသည်။

ယမန်နှစ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက AstraZeneca နှင့် တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်းနှင့်ချီ ပေးအပ်မည့်ကမ်းလှမ်းမှုများကို မြောက်ကိုရီးယားအာဏာပိုင်တွေက ငြင်းပယ်ထားခဲ့သည်။

ကာကွယ်ဆေးများကို လက်ခံမည့်အစား ၂၀၂၀ ခုနှစ်ကတည်းက ၎င်း၏ နယ်စပ်များကို ပိတ်ထားခြင်းဖြင့် COVID-19 ကို ထိန်းချုပ်ထားခဲ့ကြောင်း ပြောခဲ့သည်။

မြောက်ကိုရီးယားက COVID-19 ကူးစက်မှုတွေကို ရင်ဆိုင်ခဲ့ရသည့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့နှင့် နယ်နမိတ်ထိစပ်နေသည်။ ယခုအခါ တရုတ်တွင် အိုမီခရွန်ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန် ရုန်းကန်နေရပြီး ၎င်း၏ အကြီးဆုံးမြို့များကို lockdown လုပ်ထားရဆဲဖြစ်သည်။

KCNA ၏ မေလ (၁၃) ရက်နေ့ သတင်းအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆေးရုံတစ်ရုံသို့ သွားရောက်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် COVID-19 ကူးစက်ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး လေ့လာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေမှာ ချက်ချင်းဖြစ်လာသည့် အများပြည်သူ ကျန်းမာရေးအကျပ်အတည်းအဖြစ် KCNA က ပြောသည်။

မေလ (၁၂) ရက်နေ့က COVID-19 စည်းမျဥ်းအသစ်များ ချမှတ်ဆောင်ရွက်ရန် အစည်းအဝေးတွင် ကင်မ်ဂျုံအန်ကို mask တပ်ထားတာ တွေ့ရပြီး ထိုသို့ တပ်ထားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ယူဆရသည်။

၎င်းက ဗိုင်းရပ်စ်ထိန်းချုပ်ရေး အ‌ရေးပေါ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး lockdown လုပ်မှုများနှင့် လုပ်ငန်းခွင်တွင် စုရုံးခြင်းကို ကန့်သတ်ချက်များ ပါဝင်သည်ဟု ဆိုသည်။

ကြီးမားသော COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်းသို့ မရှိမဖြစ်ပစ္စည်းများ ဝင်ရောက်ရာ၌ပင် ပိုမိုခက်ခဲနိုင်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုနှင့် စီးပွားရေးယိုင်နဲ့နေမှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

တောင်ကိုရီးယားနိုင်ငံကတော့ အိမ်နီးချင်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် မေလ (၁၂) ရက်နေ့တွင် ပြောခဲ့သော်လည်း မြောက်ကိုရီးယားဘက် လက်ရှိအချိန်အထိ တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ယမန်နှစ် ဇွန်လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က COVID-19 နှင့် ပတ်သက်ပြီး အအစိုးရ ထိပ်တန်းအရာရှိတွေကို ဝေဖန်သတိပေးခဲ့ဖူးကြောင်း KCNA က ပြောခဲ့သော်လည်း အသေးစိတ်ကို မဖော်ပြခဲ့ဟု ဆိုသည်။

ထို့နောက် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားများလည်း ပါဝင်ခဲ့ရာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားသည့် လက္ခဏာအဖြစ် လေ့လာသူအချို့က ယူဆခဲ့ကြသည်။



Source: BBC, Reuters