ဖိလစ်ပိုင်တောင်ပိုင်းတွင် မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ (၁၀၀)ကျော်ရှိနေပြီး အနည်းဆုံး (၁၁)ဦး သေဆုံး 

ဖိလစ်ပိုင်တောင်ပိုင်းတွင် မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ (၁၀၀)ကျော်ရှိနေပြီး အနည်းဆုံး (၁၁)ဦး သေဆုံး 
ဖေဖော်ဝါရီ 9, 2024 | နိုင်ငံတကာသတင်း
By Mr John

 ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းပြည်နယ်တစ်ခုတွင် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက် (၁၁၀) ဦးအထိ မြင့်တက်လာကြောင်းနှင့် သေဆုံးသူဦးရေ အနည်းဆုံး (၁၁) ဦးရှိခဲ့ကြောင်း အတည်ပြုထားသည်ဟု ဘေးအန္တရာယ်ဆိုင်ရာဌာန တာဝန်ရှိသူများက ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက် ဒေသစံတော်ချိန် ညပိုင်းက ဖိလစ်ပိုင်တောင်ပိုင်း Davao de Oro ပြည်နယ်ရှိ Maco မြို့တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

မြေပြိုမှုအတွင်း အိမ်များနှင့် ဘတ်စ်ကား (၂) စီး နစ်မြုပ်သွားခဲ့သည်။ 

ပြည်နယ်အရာရှိတစ်ဦး၏ အဆိုအရ ဘတ်စ်ကား (၂) စီးတွင် ခရီးသည် (၂) ဒါဇင်ကျော် လိုက်ပါလာကြကြောင်းလည်း သိရသည်။

ယခင်သတင်းထုတ်ပြန်ချက်များတွင် မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ (၄၀) ဦးကျော်ရှိကြောင်း ဖော်ပြထားခဲ့ရာမှ (၁၁၀) ဦးသို့ မြင့်တက်လာခြင်း ဖြစ်သည်။ 

မြေပြိုမှုကြောင့် မိသားစု (၁,၁၆၆) ခုမှာ ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ကြရသည်။ Davao de Oro ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်စေခဲ့သည်။

 

Source: Reuters

Photo: Philippine Red Cross - Davao de Oro Chapter