ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ပရာယွတ်က နောက်ထပ် (၂)နှစ် ဝန်ကြီးချုပ် ဆက်လုပ်လိုကြောင်း ထုတ်ဖော်ပြောကြား

ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ပရာယွတ်က နောက်ထပ် (၂)နှစ် ဝန်ကြီးချုပ် ဆက်လုပ်လိုကြောင်း ထုတ်ဖော်ပြောကြား
ဒီဇင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာသူ စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက လာမည့် ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်ရာထူးတွင် နောက်ထပ် (၂) နှစ် ဆက်ရှိနေလိုကြောင်း ဒီဇင်ဘာလ (၆) ရက်နေ့တွင် ထုတ်ဖော်ပြောကြားလာသည်။ 

ထို့နောက်တွင်မူ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ချက်ကြောင့် ဆက်ခံရန် သင့်တော်မည့်သူအား ရွေးချယ်သွားမည်ဟု ဆိုသည်။ 

ပရာယွတ်၏ ယခုပြောဆိုမှုက လာမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု အရိပ်အမြွက် ထုတ်ပြောလိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရအိမ်တော်တွင် သတင်းထောက်များက ၎င်း၏ နိုင်ငံရေးအနာဂတ်နှင့် ပတ်သက်၍ ထပ်ခါတလဲလဲ မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ကြီးပရာယွတ်က "ကျွန်တော် ဝန်ကြီးချုပ်အဖြစ်  ဆက်ရှိနေနိုင်မယ်ဆိုရင် ၂၀၂၅ ခုနှစ်အထိပဲ ဆက်လုပ်မှာပါ" ဟု ပြောခဲ့သည်။ 

လတ်တလော လများအတွင်း ပရာယွတ်က ၎င်း၏ နိုင်ငံရေးအနာဂတ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလာခြင်းလည်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ပရာယွတ်၏ လက်ရှိအစိုးရသက်တမ်း (၄) နှစ်မှာ လာမည့် ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးဆုံးမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကို မေလ (၇) ရက်တွင် ကျင်းပရန် စီစဥ်ထားသည်။

၂၀၂၅ ခုနှစ်တွင်း ၎င်း၏ ဝန်ကြီးချုပ်သက်တမ်း မကုန်ဆုံးမီ အစီအစဥ်များနှင့် ပတ်သက်၍ မေးမြန်းရာတွင်မူ ပရာယွတ်က "ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပြီးရင်တော့ သင့်တော်ပြီး လက်ခံနိုင်မယ့် ဆက်ခံသူကို ရှာဖွေပါမယ်" ဟု ဖြေကြားခဲ့သည်။ 

အသစ်တည်ထောင်ထားသည့် United Thai Nation Party (UTN) နိုင်ငံရေးပါတီသို့ ဝင်ရောက်မည့်ကိစ္စကိုမူ ဝန်ကြီးချုပ်ပရာယွတ်က နောက်ပိုင်းမှ ပြောသွားမည်ဟု တုံ့ပြန်ခဲ့သည်။

လာမည့် ရွေးကောက်ပွဲပြီးနောက် ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ စက်တင်ဘာလအတွင်း ဆုံးဖြတ်ချက်အရ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်း (၈) နှစ်မှာ ၂၀၂၅ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ပရာယွတ်က ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်ဟောင်း Pirapan Salirathavibhaga ဦးဆောင်သည့် UTN ပါတီသို့ ဝင်ရောက်မည်ဟု စောင့်ကြည့်သူများက ခန့်မှန်းထားကြသည်။

လက်ရှိတွင် Pirapan က ဝန်ကြီးချုပ်ပရာယွတ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ 

UTN ပါတီကို ယမန်နှစ်အတွင်း ဝန်ကြီးချုပ်၏ လက်ထောက်ဟောင်းဖြစ်သူ Seksakol Atthawong က တည်ထောင်ခဲ့သည်။ 

လာမည့် အထွေထွေရွေးကောက်ပွဲပြီးနောက် ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေလိုပါက ၎င်းအားထောက်ခံရန် ထိုနိုင်ငံရေးပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။

Source: Bangkok Post