မြောက်ကိုရီးယားက COVID-19 ကူးစက်မှုတွေ့ရကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်

မြောက်ကိုရီးယားက COVID-19 ကူးစက်မှုတွေ့ရကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်
By Mr John

 မြောက်ကိုရီးယားတွင် COVID-19 ကူးစက်မှုများ တွေ့ရှိရကြောင်း အစိုးရက ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးကို တင်းကျပ်သည့် lockdown သတ်မှတ်လိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရသတင်းဌာနက ပြုံယမ်းမြို့တော်တွင် အိုမီခရွန်ကူးစက်မှု တွေ့ရှိရကြောင်း ပြောခဲ့သော်လည်း ကူးစက်မှုအရေအတွက်ကိုမူ မဖော်ထားဟု ဆိုသည်။



ယခုဖြစ်ရပ်သည် အရေးအကြီးဆုံး နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ကြောင်းနှင့် ခေါင်းဆောင်ကင်မ်ဂျုံအန်က တုံ့ပြန်ဆောင်ရွက်ရေး အရေးပေါ်အစည်းအဝေးများလုပ်နေကြောင်း KCNA က ပြောသည်။

သို့သော် လေ့လာသူတွေကတော့ မြောက်ကိုရီးယားတွင် COVID-19 ဗိုင်းရပ်စ်ရှိနေခဲ့တာ ကြာပြီဖြစ်ကြောင်း ယူဆထားကြသည်။

မြောက်ကိုရီးယားတွင် COVID-19 ကာကွယ်ဆေးထိုးပေးခြင်းမရှိဘဲ တရုတ်နိုင်ငံထုတ် Sinovac နှင့် ဗြိတိန် အောက်စ်ဖို့တက္ကသိုလ်နှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးများကိုလည်း လက်ခံရယူခြင်း မပြုဘဲ ငြင်းပယ်ထားခဲ့သည်။



ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဥ် ကတည်းက မြောက်ကိုရီးယားက ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့သည်။

နယ်စပ်များ ပိတ်ထားမှုကြောင့် ဆင်းရဲနွမ်းပါးသည့် မြောက်ကိုရီးယားသို့ မရှိမဖြစ် လိုအပ်သောပစ္စည်းများ ဝင်ရောက်မှု အလွန်လျော့ကျသွားပြီး စီးပွားရေးအခြေအနေ ဆိုးရွားကာ စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်နေခဲ့ပြီးဖြစ်ကြောင်း လက္ခဏာများ ရှိနေခဲ့သည်။



ကပ်ရောဂါစတင်ချိန်ကတည်းက မြောက်ကိုရီးယားတွင် အတည်မပြုသည့် COVID-19 ကူးစက်မှုသတင်းများ ထွက်ပေါ်နေခဲ့သည်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြသည့် တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံလုံးတွင် ကူးစက်မှုများရှိခဲ့ပြီး တရုတ်သည် လက်ရှိတွင် အိုမီခရွန်ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

ယမန်နှစ် ဇွန်လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က COVID-19 နှင့် ပတ်သက်ပြီး အအစိုးရ ထိပ်တန်းအရာရှိတွေကို ဝေဖန်သတိပေးခဲ့ဖူးကြောင်း KCNA က ပြောခဲ့သော်လည်း အသေးစိတ်ကို မဖော်ပြခဲ့ဟု ဆိုသည်။



ထို့နောက် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားများလည်း ပါဝင်ခဲ့ရာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားသည့် လက္ခဏာအဖြစ် လေ့လာသူအချို့က ယူဆခဲ့ကြသည်။



Source: BBC, Reuters