တာချီလိတ်မြို့တွင် Covid-19 အရေးပေါ် လူနာတင်ယာဉ်များ မောင်းလာစဉ် ကား/ဆိုင်ကယ်များက အလွယ်တကူ လမ်းမဖယ်ပေး၍ ယာဉ်ကြောရှောင် မောင်းနှင်နေရ

တာချီလိတ်မြို့တွင် Covid-19 အရေးပေါ် လူနာတင်ယာဉ်များ မောင်းလာစဉ် ကား/ဆိုင်ကယ်များက အလွယ်တကူ လမ်းမဖယ်ပေး၍ ယာဉ်ကြောရှောင် မောင်းနှင်နေရ
သြဂုတ် 12, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 အရေးပေါ်လူနာတင်ယာဉ်များ ယာဉ်ကြောရှောင် မောင်းနှင်နေရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ကူးစက်မှုများပြားနေသဖြင့် Stay at Home သတ်မှတ်ထားသော်လည်း လမ်းများတွင် ယာဉ်အသွားအလာများပြားနေပြီး အရေးပေါ်လူနာတင်ယာဉ်များလည်း ရှောင်ကွင်း မောင်းနှင်နေရကြောင်း သိရသည်။

Ambulance ကားတွေ လာတဲ့အခါမျိုးမှာ ဆိုင်ကယ်တွေ၊ ကားတွေက လမ်းဘေးလည်း မချပေးဘူး။ နောက်ပြီး တော်တော်များများက မရှောင်ပေးကြဘူး။ တချို့ကြတော့ Ambulance ကားတွေ သွားနေ လာနေတာတွေ့ရင် လမ်း‌ဘေးမချပေးတဲ့အပြင် လမ်းလယ်ခေါင်မှာ တက်မောင်းကြတယ်။ တချို့ဆိုရင် ဘာညာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဆဲဆိုသွားတာတွေလည်း ရှိတယ်။ သူတို့က မရှောင်တဲ့အပြင် သူတို့ကို ပြန်ရှောင်နေရတဲ့ အဆင့်ကို ရောက်နေတယ်။

ဟု လူနာတင်ယာဉ်မောင်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဥပဒေအရ လူနာတင်ယာဉ်များ သွားလာရာလမ်းကြောင်းတွင် ယာဉ်ကြော ရှင်းလင်းပေးရမည် ဖြစ်သော်လည်း ယာဉ်စည်းကမ်းလမ်းစည်းလိုက်နာမှု အားနည်းသည့် တာချီလိတ်တွင် လူနာတင်ယာဉ်က တိမ်းရှောင် မောင်းနှင်နေရကြောင်း သိရသည်။

Ambulance ကားဆိုတာက အရေးပေါ်လူနာတင်လာတာရှိမယ်။ Covid-19 လူနာ တင်လာတာရှိမယ်။ ဒီလိုမျိုးသွားနေလို့ ကားဟွန်းတီးတာဖြစ်စေ၊ အချက်ပြအသံ ဖွင့်ထားတာဖြစ်စေ၊ တော်တော်များများက မဖယ်ပေးဘူးဗျ။ သူတို့ကို ပြန်ရှောင်နေရတယ်။ ပြောတော့ တာချီလိတ်ကို Stay at Home သတ်မှတ်ထားတာတဲ့ လမ်းပေါ်မှာတော့ ယာဉ်သွားယာဉ်လာများနေလျက်ပါ။ အဓိက မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့ အရေးပေါ်လူနာတင်ယာဉ်တွေ လမ်းပေါ်မှာ သွားလာနေတဲ့အခါ ရှေ့ကနေ မပိတ်ဘဲ ဘေးနားကနေ ကပ်မောင်းပေးဖို့ကို မေတ္တာရပ်ခံချင်တယ်ဗျာ။

ဟု လူနာတင်ယာဉ်မောင်းက ဆိုသည်။

လူနာတင်ယာဉ်များ နှောင့်နှေးရခြင်းကြောင့် လူနာများ အခက်အခဲဖြစ်ရသည့်အပြင် လူနာတင်ယာဉ်မောင်းနှင်နေရသူများအနေဖြင့် ယခုကာလတွင် PPE ဝတ်စုံပြည့်ဖြင့် လူနာပို့ဆောင်နေရခြင်းဖြစ်ရာ အခက်အခဲများစွာဖြစ်ကြရသည်ဟု သိရသည်။