သီရိလင်္ကာဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်၊ ဆန္ဒပြသူများ တိုက်ခိုက်ခံရပြီးနောက် တစ်နိုင်ငံလုံးတွင် ကာဖျူးအမိန့်ထုတ်

သီရိလင်္ကာဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်၊ ဆန္ဒပြသူများ တိုက်ခိုက်ခံရပြီးနောက် တစ်နိုင်ငံလုံးတွင် ကာဖျူးအမိန့်ထုတ်
By Mr John

သီရိလင်္ကာနိုင်ငံတွင် ရင်ဆိုင်နေရသည့် စီးပွားရေးအကျပ်အတည်းကို အစိုးရက ကိုင်တယ်ဆောင်ရွက်မှုအပေါ် အကြီးအကျယ် ဆန္ဒပြမှုများ လနှင့်ချီကြာ ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ် Mahinda Rajapaksa  ယနေ့ မေလ (၉) ရက်တွင် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။

သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့တွင် မေလ (၉) ရက်နေ့က ဆန္ဒပြမှုများအတွင်း အာဏာရပါတီ ထောက်ခံသူများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြား အကြမ်းဖက် ထပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးကို ကာဖျူးအမိန့်ထုတ်ထားကြောင်းလည်း သိရသည်။



ကိုလံဘိုမြို့တော်ရှိ ဝန်ကြီးချုပ်နှင့် သမ္မတရုံးခန်းများ အပြင်ဘက်တွင် ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၀) ဦး ဒဏ်ရာရခဲ့သည်။

အစိုးရထောက်ခံသူတွေက ရဲတပ်ဖွဲ့ တားမြစ်စည်းကို ထိုးဖောက်ဝင်ရောက်ပြီး ဆန္ဒပြလူအုပ်စုကို တုတ်များဖြင့် ရိုက်နှက်တိုက်ခိုက်ခဲ့ကြသည်။

အစိုးရထောက်ခံသူတွေက ရိုက်နှက်

ကိုလံဘိုမြို့တော်တွင် မေလ (၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း စုစုပေါင်း လူ (၇၈) ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ဆေးရုံတစ်ရုံက ပြောသည်။



သီရိလင်္ကာတွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတို့ကြောင့် မတ်လကတည်းက ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီး သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေခဲ့ကြသည်။

သို့သော် လက်ရှိအချိန်အထိ သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ မေလ (၉) ရက်တွင် ရာထူးမှ နုတ်ထွက်သွားသည့် အသက် (၇၆) နှစ်အရွယ် ဝန်ကြီးချုပ် Mahinda မှာ သမ္မတ၏အကိုလည်း ဖြစ်သည်။



မတ်လအတွင်း လူထုဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် သီရိလင်္ကာအစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ရာ ၎င်းတို့ညီအကိုနှစ်ဦးသာ ကျန်ရှိခဲ့သည်။

အသက် (၇၂) နှစ်အရွယ် သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ရာ ဆန္ဒပြသူများ ဒေါသထွက်ခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရမှုအပေါ် ကာလရှည်ကြာ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်မှောက်မှုတို့ကြောင့် ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် သမ္မတ Gotabaya က မေလ (၆) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။



ယခု အရေးပေါ်အခြေအနေ၏ စည်းမျဥ်းများကို အသေးစိတ် ထုတ်ပြန်းခြင်းမရှိသေးသော်လည်း ယခင်က ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ကြေညာမှုအရ သမ္မတက စစ်တပ်ဖြန့်ကျက်နိုင်သည့် လုပ်ပိုင်ခွင့်၊ စွဲချက်မတင်ဘဲ ဖမ်းဆီးထားခြင်းနှင့် ဆန္ဒပြမှုများကို ဖြိုခွဲခြင်းတို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သီရိလင်္ကာတွင် မတ်လကတည်းက လူထုအုံကြွမှု ပေါ်ပေါက်နေခဲ့ပြီး အစိုးရက နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို စီမံခန့်ခွဲမှုလွဲမှားခြင်းအပေါ် ဒေါသထွက်ခဲ့ကြရာ ဆန္ဒပြမှုများမှာ တခါတရံ ပြင်းထန်ကြမ်းတမ်းလာခဲ့သည်။



သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

နှစ်ပေါင်း (၇၀) ကျော်အတွင်း စီးပွားရေအကျပ်အတည်း အဆိုးဆုံးဖြစ်ပေါ်နေသည့် သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်လာပြီး ပြည်ပကြွေးမြီ ပြန်ဆပ်မှုများကိုလည်း ဆိုင်းငံ့ထားသည်။



Source: Reuters, BBC