ရုရှား၏ နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင် ထားရှိသွားမည်ဟု ပူတင် ပြောကြား

ရုရှား၏ နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင် ထားရှိသွားမည်ဟု ပူတင် ပြောကြား
By Mr John

ရုရှားနိုင်ငံက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံတွင် ထားရှိသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၃ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။ 

ပူတင်၏ ထိုပြောကြားမှုက ယူကရိန်းအတွက် စစ်ရေးအကူအညီများပေးနေသည့် NATO စစ်ရေးမဟာမိတ်အဖွဲ့ကို သတိပေးချက်တစ်ခုဖြစ်ပြီး အနောက်အုပ်စုနှင့် ထိပ်တိုက်တွေ့မှု တိုးလာခြင်းလည်း ဖြစ်သည်။

ယခုလုပ်ဆောင်မှုမှာ မျှော်လင့်မထားသော်လည်း နျူးကလီးယားလက်နက် မပြန့်ပွားရေး ကတိကဝတ်ကို ချိုးဖောက်မည်မဟုတ်ဟု ရုရှားသမ္မတပူတင်က ဆိုသည်။ 

ဘီလာရုစ်တွင် နျူကလီးယားလက်နက်များ ထားရှိသွားမည်ဆိုသည့် ပူတင်၏ပြောဆိုမှုမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် (၁၃) လအကြာတွင် ရုရှား၏ နျူကလီးယားလက်နက်နှင့် ပတ်သက်၍ အထင်ရှားဆုံး အချက်ပြ ပြောဆိုမှုလည်း ဖြစ်လာသည်။

ကမ္ဘာ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်ထားသော အခြား အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ကမူ ပူတင်၏ ထုတ်ပြန်ချက်အပေါ် သတိရှိရှိဖြင့် တုံ့ပြန်ခဲ့ပြီး အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ရုရှားအနေဖြင့် ၎င်း၏ နျူကလီးယားလက်နက်များကို အသုံးပြုရန် စီစဥ်ထားသည့် လက္ခဏာမရှိကြောင်း ပြောခဲ့သည်။ 

ရုရှားသမ္မတပူတင် ပြောကြားသည့် နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်များမှာ မြို့များကို ချေမှုန်းဖျက်ဆီးစွမ်းထက် စစ်မြေပြင်တွင် သတ်မှတ်ထားသော စစ်ရေးအောင်မြင်မှုအတွက် အသုံးပြုသည့် နျူကလီးယားလက်နက်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။

 

Source: Reuters