ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်တပ်က ယူကရိန်း ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားစဥ်အတွင်း လူမဆန်စွာ ပြုမူဆက်ဆံမှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ကောက်ချက်ချ ပြောကြား

ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်တပ်က ယူကရိန်း ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားစဥ်အတွင်း လူမဆန်စွာ ပြုမူဆက်ဆံမှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ကောက်ချက်ချ ပြောကြား
စက်တင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များက အရပ်သားနေရာများကို ဗုံးကြဲခြင်း၊ လူအမြောက်အမြားကို ကွပ်မျက်ခြင်း၊ ညှဥ်းပန်နှိပ်စက်ခြင်းနှင့် ကြောက်မက်ဖွယ်ရာ လိင်ပိုင်းအကြမ်းဖက်မှုများ ပါဝင်သော စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက စက်တင်ဘာလ (၂၃) ရက်တွင် ထုတ်ပြန်သည်။ 

"စုံစမ်းစစ်ဆေးရေးကော်မရှင်က စုဆောင်းရရှိခဲ့တဲ့ သက်သေအထောက်အထားကို အခြေခံပြီး ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ Erik Mose က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောခဲ့သည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ ပုံမှန်မဟုတ်သည့် ထူးခြားမှုဟုဆိုသည်။

 ပုံမှန်အားဖြင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ တွေ့ရှိချက်များအရ စစ်ရာဇဝတ်မှုများနှင့် အလားတူ ဥပဒေချိုးဖောက်မှုများကို တရားရုံးများသို့ ရည်ညွှန်းပေးပို့လေ့ရှိကြောင်း သိရသည်။

မေလတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ရုရှား၏ ယူကရိန်းစစ်ပွဲအတွင်း ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ 

လွတ်လပ်သည့် ကျွမ်းကျင်သူ (၃) ဦး ပါဝင်သည့် အဖွဲ့က ၎င်းတို့၏ တွေ့ရှိချက်များကို ပထမဆုံးအကြိမ် လူ့အခွင့်အရေးကောင်စီသို့ ထုတ်ဖော်ပြောခဲ့သည်။ 

၎င်းတို့က Kyiv, Chernihiv, Kharkiv နှင့် Sumy နယ်မြေများတွင် စုံစမ်းစစ်ဆေးပြီးနောက် ကောင်စီသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ပိုမိုကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

"ရုရှားပြည်ထောင်စုရဲ့ ကျယ်ပြန့်တဲ့ဧရိယာအတွင်း ပေါက်ကွဲစေတတ်သော လက်နက်များ အသုံးပြုမှုကြောင့် လူနေထူထပ်တဲ့ နေရာတွေကို ထိခိုက်စေခဲ့ပါတယ်။ အရပ်သားတွေအတွက် ကြီမားတဲ့ ဘေးဒုက္ခနဲ့ ထိခိုက်ခံစားရမှု ဖြစ်ခဲ့တယ်" ဟု ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှု (၇) မပြည့်မီ ရှေ့တစ်ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ Erik Mose က ပြောသည်။

၎င်းက အလေးပေး ထောက်ပြမှုအရ အဖွဲ့အနေဖြင့် တိုက်ခိုက်မှုအများအပြားကို အရပ်သားများနှင့် တိုက်ပွဲဝင်သူများကြား ခွဲခြားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးခဲ့ပြီး လူနေထူထပ်သည့် နေရာများတွင် အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သည့် လက်နက်များဖြင့် တိုက်ခိုက်မှုများလည်း ပါဝင်ကြောင်း သိရသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ခဲ့သည့် နေရာများတွင် ကွပ်မျက်ခဲ့မှု အများအပြားကို တွေ့ရကြောင်းနှင့် ကွပ်မျက်ထားခြင်းဖြစ်ကြောင်း သိသာစေသည့် လက်နောက်ပြန်ကြိုးတုပ်ထားခြင်း၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိခြင်းနှင့် လည်ပင်းလှီးထားခြင်းကဲ့သို့ လက္ခဏာများကို အလောင်းများတွင် အကြိမ်ကြိမ် တွေ့ရသည်ဟု Erik Mose က ဆိုသည်။

စုံစမ်းရေးကော်မရှင်က လတ်တလောတွင် ထိုကဲ့သို့ သေဆုံးမှုများကို မြို့နှင့် အခြေချနေရာ (၁၆) ခုတွင် စုံစမ်းစစ်ဆေးနေကြောင်းနှင့် နောက်ထပ် အမှုအများအပြားနှင့် ပတ်သက်၍ ခိုင်လုံသော စွပ်စွဲချက်များကို လက်ခံရရှိထားပြီး မှတ်တမ်းပြုစုရန် ကြိုးပမ်းသွားမည်ဟုလည်း Erik Mose က ပြောသည်။

 ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားစဥ်အတွင်း လူမဆန်စွာ ပြုမူဆက်ဆံမှုနှင့် ညှဥ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့သည့် ခိုင်မာသော အထောက်အထားများလည်း ရရှိထားကြောင်း ၎င်းကဆိုသည်။

တွေ့ကြုံခံစားခဲ့ရသူအချို့က စုံစမ်းစစ်ဆေးရေးမှူးများကို ပြောကြားမှုအရ ၎င်းတို့ကို ရုရှားသို့ ပို့ဆောင်ခဲ့ပြီး အကျဥ်းထောင်ထဲတွင် ရက်သတ္တပတ်နှင့်ချီကြာ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။ 

အခြား လူများမှာ ထိုသို့ ပို့ဆောင်ခံရပြီးနောက် ပျောက်သွားခဲ့ကြသည်ဟု ဆိုသည်။ 

စုံစမ်းစစ်ဆေးရေးမှူးများနှင့် စကားပြောရာတွင် ပါဝင်ခဲ့သူများ၏ အဆိုအရ ထိုသို့ ထိန်းသိမ်းထားသည့် နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်းနှင့် အတင်းအကျပ် ကိုယ်လုံးတီးချွတ်စေခြင်းနှင့် အခြား ထိပါးစော်ကားမှု ပုံစံများဖြင့် ပြုမူဆက်ဆံခံရသည်ဟု သိရသည်။

ထိုအတောအတွင်း ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည့် ရုရှားစစ်သားများကို လူမဆန်စွာ ပြုမူဆက်ဆံသည့် ဖြစ်ရပ် (၂) ခုကိုလည်း စုံစမ်းစစ်ဆေးရေးမှူးများအနေဖြင့် စစ်ဆေးနေကြောင်း ကော်မရှင်အကြီးအကဲက ဆိုသည်။ 

ထိုသို့သော ဖြစ်ရပ်များမှာ အနည်းငယ်မျှသာဖြစ်ပြီး မိမိတို့အနေဖြင့် ဆက်လက် အာရုံစိုက်သွားမည်ဟု ၎င်းကပြောသည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများ၏ တွေ့ရှိချက်များအရ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ ဖြစ်တည်မှုကို အခြေခံပြီး အကြမ်းဖက်မှု ဖြစ်ရပ်များကိုလည်း မှတ်တမ်းပြုစုထားကြောင်း၊ အချို့ဖြစ်ရပ်များတွင် ရုရှားစစ်သားများက ကျူးလွန်သူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု Erik Mose က ဆိုသည်။ 

"ဆွေမျိုးသားချင်းတွေကို အတင်းအကျပ် ကြည့်ရှုခိုင်းတဲ့ ဒီလိုအမှုမျိုးတွေလည်း ရှိပါတယ်" ဟု ၎င်းကပြောသည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ ဖြစ်တည်မှုကိုအခြေခံပြီး အကြမ်းဖက်ခံရသူတွေရဲ့ အသက်က (၄) နှစ်ကနေ (၈၂) နှစ်ကြား အရွယ်တွေဖြစ်ပါတယ်" ဟု Erik Mose က ဆိုသည်။ 

စုံစမ်းစစ်ဆေးရေးကော်မရှင်က ယူကရိန်းစစ်ပွဲအတွင်း မုဒိမ်းကျင့်ခံရ၊ ညှဥ်းပန်းနှိပ်စက်ခံရ၊ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကလေးငယ်များ အပါအဝင် ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း မှတ်တမ်းပြုစုထားကြောင်း သိရသည်။

Source: AFP, Reuters

Photo: REUTERS/Denis Balibouse, EVGENIY MALOLETKA/AP,  Rodrigo Abd/AP,