အမေရိကန်တွင် အကျဥ်းသားနှင့်အတူ ပျောက်ဆုံးနေသည့် ထောင်ဝန်ထမ်းအမျိုးသမီး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး

အမေရိကန်တွင် အကျဥ်းသားနှင့်အတူ ပျောက်ဆုံးနေသည့် ထောင်ဝန်ထမ်းအမျိုးသမီး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး
By Mr John

အမေရိကန်တွင် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဥ်းသားကို (၁၀) ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် ပြန်လည် ဖမ်းဆီးရမိကြောင်းနှင့် ၎င်းကို ကူညီခဲ့သည်ဟု သံသယရှိသူ အကျဥ်းထောင်ဝန်ထမ်း အမျိုးသမီးမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

လူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူ အသက် (၃၈) နှစ်အရွယ် ကေစီဝှိုက်နှင့် အသက် (၅၆) နှစ်အရွယ် ထောင်ဝန်ထမ်းအမျိုးသမီး ဗစ်ကီဝှိုက်တို့ကို အင်ဒီယာနာပြည်နယ်တွင် ဖမ်းဆီးရမိပြီးနောက် ဗစ်ကီဝှိုက်မှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုသည်။

ကေစီဝှိုက်နှင့် ဗစ်ကီဝှိုက်တို့ နှစ်ဦးမှာ တိုက်ဆိုင်စွာဖြင့် မျိုးရိုးအမည်များ တူညီနေသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုမရှိကြဟု ဆိုသည်။ 

၎င်းတို့သည် အလာဘားမားပြည်နယ် Lauderdale ကောင်တီရှိ အကျဥ်းထောင်တစ်ခုကနေ ဧပြီလ (၂၉) ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

စုံစမ်းစစ်ဆေးမှုများအရ အကျဥ်းသားနှင့် ထောင်ဝန်ထမ်းအမျိုးသမီးတို့ကြား အချစ်ဇာတ်လမ်းရှိသည်ဟု ယူဆထားကြသည်။

ထောင်ဝန်ထမ်းမစ္စဝှိုက်က အကျဥ်းသားဝှိုက်ကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးရန်ဟုဆိုကာ အကျဥ်းထောင်ကနေ ခေါ်ထုတ်သွားခဲ့သည်။ 

သို့သော် ထိုသို့ စီစဥ်ထားခြင်းမရှိကြောင်း နောက်ပိုင်းတွင် တာဝန်ရှိသူတွေက သိရှိသွားခဲ့ကြရာမှ ၎င်းတို့နှစ်ဦးကို ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။ 

၎င်းတို့နှစ်ဦး ပျောက်ဆုံးသွားခဲ့သည့် ဧပြီလ (၂၉) ရက်နေ့မှာ လုပ်သက် (၂၅) ခန့်ရှိပြီဖြစ်သည့် ထောင်ဝန်ထမ်းအမျိုးသမီးဝှိုက်၏ အငြိမ်းစားမယူခင် နောက်ဆုံး အလုပ် လုပ်ရက်လည်းဖြစ်ကြောင်း သိရသည်။ 

၎င်းက လတ်တလောအတွင်း သူမ၏ နေအိမ်ကို ရောင်းချလိုက်ပြီး ကမ်းခြေတွင် အချိန်ကုန်ရန်စီစဥ်ထားကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့သည်။

မစ္စဝှိုက်က ၎င်းတို့ကို ဖမ်းဆီးမှုအတွင်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ ဆေးရုံတစ်ရုံတွင် သေဆုံးခဲ့ကြောင်း Vanderburgh ကောင်တီ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးရုံးက မေလ (၉) ရက်နေ့ နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။ 

Lauderdale ကောင်တီ ရဲမှူး ရစ်ခ်စင်ဂယ်လ်တန်၏ အစောပိုင်း ပြောကြားမှုအရ အင်ဒီယာနာပြည်နယ် Evansville မြို့တွင် ၎င်းတို့နှစ်ဦး၏ကားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဥ် ကားတိမ်းမှောက်ခဲ့ပြီး အကျဥ်းသားဝှိုက်က အဖမ်းခံခဲ့ကြောင်း သိရသည်။ 

"ကျွန်တော်တို့ အန္တရာယ်ရှိတဲ့လူကို လမ်းဘေးမှာ ဒီနေ့ ဖမ်းမိပါပြီ။ သူ နေ့အလင်းရောင်ကို နောက်တစ်ကြိမ် ဘယ်တော့မှ မြင်ရမှာမဟုတ်ပါဘူး" ဟု ၎င်းက‌ ပြောသည်။

ပြန်ဖမ်းမိခဲ့သည့် အကျဥ်းသားဝှိုက်မှာ အသက် (၅၈) နှစ်အရွယ် ကွန်နီရစ်ဂျ်ဝေးကို ဓားဖြင့်ထိုးသတ်မှုဖြင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း လူသတ်မှုစွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခံထားရသူဖြစ်ကြောင်း US Marshals Service က ပြောသည်။ ၎င်းသည် ၂၀၁၅ ခုနှစ်အတွင်း ဖောက်ထွင်းမှု၊ ကားခိုးမှု အပါအဝင် ပြစ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့မှုအတွက် ပြစ်ဒဏ်ကျခံသူဟု ဆိုသည်။

 လူသတ်မှုကိုလည်း အကျဥ်းသားဝှိုက်က ဝန်ခံထားပြီး ရုံးချိန်းစောင့်ဆိုင်းနေစဥ် Lauderdale ကောင်တီ အကျဥ်းထောင်တွင် ထိန်းသိမ်းထားစဥ် ထောင်ဝန်ထမ်းအမျိုးသမီးဝှိုက်၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ပြစ်မှုထင်ရှားပါက သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

 

Source: BBC