ရုရှားဂျာနယ်လစ်က နိုဘယ်ဆုတံဆိပ်ကို ဒေါ်လာ ၁၀၃ သန်းဖြင့် လေလံတင်ရောင်းချပြီး ယူကရိန်းစစ်ပွဲမှ ဒုက္ခသည်များကို ကူညီ

ရုရှားဂျာနယ်လစ်က နိုဘယ်ဆုတံဆိပ်ကို ဒေါ်လာ ၁၀၃ သန်းဖြင့် လေလံတင်ရောင်းချပြီး ယူကရိန်းစစ်ပွဲမှ ဒုက္ခသည်များကို ကူညီ
By Mr John

ရုရှားနိုင်ငံမှ လွတ်လပ်သည့်သတင်းစာ Novaya Gazeta ၏ အယ်ဒီတာချုပ်က ၎င်းရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်ဒေါ်လာ (၁၀၃.၅) သန်းဖြင့် လေလံတင်ရောင်းချလိုက်ကြောင်း သိရသည်။ 

ရုရှားလူမျိုး ဒီမီထရီ မူရာတော့ဗ်က ငြိမ်းရေးနိုဘယ်ဆုတံဆိပ် လေလံတင်ရောင်းချရာမှ ရရှိလာသည့် ငွေအားလုံးကို ယူကရိန်းစစ်ပွဲ ဒုက္ခသည်များအတွက် ကူညီသွားမည်ဟု ပြောခဲ့သည်။

မူရာတော့ဗ်က ရုရှားတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မှုအတွက် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဖိလစ်ပိုင်ဂျာနယ်လစ်နှင့် Rappler သတင်းဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူ မာရီယာရတ်ဆာနှင့်အတူ ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။

 ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ မတ်လအတွင်း Novaya Gazeta သတင်းစာထုတ်ဝေမှုကို ရပ်နားထားလိုက်ကြောင်းလည်း သိရသည်။

ရုရှားအစိုးရက ယူကရိန်းတွင် ၎င်း၏လုပ်ဆောင်မှုများကို စစ်ပွဲတစ်ခုအဖြစ် သုံးနှုန်းဖော်ပြသည့် ပြည်တွင်းသတင်းမီဒီယာမှန်သမျှကို ကြီးမားသည့် ဒဏ်ကြေးငွေ ချမှတ်ခံရမည် သို့မဟုတ် လုပ်ငန်းပိတ်သိမ်းခံရမည်ဟု ပြောခဲ့ပြီးနောက် မူရာတော့ဗ်က Novaya Gazeta သတင်းစာထုတ်ဝေမှုကို ရပ်နားထားခဲ့ခြင်းလည်း ဖြစ်သည်။ 

ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအား အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ်သာ ပြောဆိုထားသည်။

မူရာတော့ဗ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆု လေလံအောင်ပြီး ဝယ်ယူရရှိသွားသူမှာ မည်သူဖြစ်ကြောင်း လေလံတင်ရောင်းချမှုကို စီစဥ်ခဲ့သည့် Heritage Auctions ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဧပြီလအတွင်းတွင် မူရာတော့ဗ်မှာ ရထားတစ်စင်းပေါ်၌ ဆေးအနီရောင်များဖြင့် ဖြန်းပက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ 

ထိုသို့ ဆေးအနီဖြင့် ဖြန်းပက်ခဲ့သူက "မူရာတော့ဗ် ဒါက ငါတို့ရဲ့ ကောင်လေးတွေအတွက်ပဲ" ဟု အော်ဟစ်ပြောဆိုခဲ့သည်။

မူရာတော့ဗ်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ၁၉၉၃ ခုနှစ်အတွင်း Novaya Gazet သတင်းစာတိုက်ကို စတင်တည်ထောင်ခဲ့ကြသည့် ဂျာနယ်လစ်အုပ်စုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ထိုသတင်းစာမှ ဂျာနယ်လစ်နှင့် ပူပေါင်းဆောင်ရွက်သူ (၆) ဦးမှာ ၎င်းတို့၏ အလုပ်နှင့်ဆက်နွယ်ပြီး အသတ်ခံခဲ့ရပြီး စုံစမ်းဖော်ထုတ် သတင်းရေးသားသည့် ဂျာနယ်လစ် Anna Politkovskaya လည်း အပါအဝင်ဖြစ်သည်။

ရွှေဖြင့်ပြုလုပ်ထားသည့် မူရာတော့ဗ်၏ ငြိမ်ချမ်းရေးနိုဘယ်ဆုတံဆိပ်ကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ရောင်းရငွေအားလုံးကို ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသည့် ကလေးများအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ လူသားချင်းစာနာထောက်မှု အကူအညီပေးရေး အစီအစဥ်တွင် သုံးစွဲသွားမည်ဖြစ်သည်။

"လူတွေအတွက် ဒီကနေ့ အရေးအကြီးဆုံး သတင်းစကားက စစ်ပွဲတစ်ပွဲဖြစ်ပွားနေတယ်ဆိုတာ နားလည်ကြဖို့နဲ့ အထိခိုက်အခံစားရဆုံး လူတွေကို ကျွန်တော်တို့ ကူညီဖို့လိုအပ်တယ်ဆိုတာပါပဲ" ဟု Heritage Auctions က ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုတစ်ခုတွင် မူရာတော့ဗ်က ပြောထားသည်။

 ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့ကြသည့် မူရာတော့ဗ်နှင့် မာရီယာရတ်ဆာတို့ နှစ်ဦးလုံးမှာ ၎င်းတို့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ ဒေါသဖြစ်ခဲ့ကြသည့် စုံစမ်းဖော်ထုတ် သတင်းရေးသားဖော်ပြမှုများအတွက် လူသိများပြီး သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မှု၏ အမှတ်သင်္ကေတ ဖြစ်လာခဲ့ကြသည်။

Source: BBC

Photo: DMITRY MURATOV, Kena Betancur/AFP,