အရေးယူပိတ်ဆို့မှုခံနေရသည့် ရုရှားက ပြည်ပကြွေးမြီပေးဆပ်မှုကို ပထမဆုံးအကြိမ်ပျက်ကွက်

အရေးယူပိတ်ဆို့မှုခံနေရသည့် ရုရှားက ပြည်ပကြွေးမြီပေးဆပ်မှုကို ပထမဆုံးအကြိမ်ပျက်ကွက်
By Mr John

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများ ခံနေရသည့် ရုရှားနိုင်ငံတွင် စီးပွားရေးထိခိုက်မှုများရှိလာခဲ့ရာ ၎င်း၏ ပြည်ပကြွေးမြီ ပြန်လည်ပေးဆပ်နေမှုကို ရာစုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ခဲ့ကြောင်း သတင်းများက ဆိုသည်။ 

ရုရှားက ဇွန်လ (၂၆) ရက် နောက်ဆုံးထားပြီး ပြည်ပကြွေးမြီများအတွက် အတိုးငွေပမာဏ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ပေးရမည်ဖြစ်ပြီး ပေးရန်ဆန္ဒရှိသော်လည်း အရေးယူပိတ်ဆို့မှုများကြောင့် ထိုငွေပမာဏကို နိုင်ငံတကာမြီရှင်များထံ ပေးချေနိုင်ခြင်းမရှိကြောင်း သိရသည်။

ရုရှားအစိုးရအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်သော ပြည်ပကြွေးမြီ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုမရှိစေရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။ 

ပေးချေရန်ရှိသည့် အတိုးငွေ ဒေါ်လာ သန်း (၁၀၀) ကို Euroclear ဘဏ်သို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ရုရှားက ဆိုသည်။ 

Euroclear ဘဏ်က မြီရှင်များထံ ပြန်လည်ဖြန့်ဝေပေးရန် ဖြစ်သည်။ 

သို့သော် ထိုငွေပေးချေမှုမှာ ဘဏ်တွင် ပိတ်မိနေပြီး မြီရှင်များက မရရှိကြသေးကြောင်း Bloomberg News က ပြောသည်။

ထိုအတောအတွင်း ရုရှားငွေတိုက်စာချုပ်များကို ယူရိုငွေဖြင့် ဝယ်ယူထားကြသည့် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူအချို့မှာ အတိုးငွေပေးချေမှု မရရှိသေးကြောင်း Reuters က သတင်းရင်းမြစ် (၂) ခုကို ကိုးကားဖော်ပြသည်။ 

ရုရှားထံမှ ရရန်ရှိသော အတိုးငွေမှာ ရက် (၃၀) အတွင်း သတ်မှတ်ရက်ဖြစ်သည့် ဇွန်လ (၂၆) ရက် ညပိုင်းအထိ ရောက်မလာခဲ့ရာ ပေးဆပ်ရန်ပျက်ကွက်မှုအဖြစ် သတ်မှတ်ယူဆကြောင်း သိရသည်။

Euroclear ဘဏ်ကမူ ငွေပေးချေမှု တားမြစ်ပိတ်ပင်ခံရခြင်းရှိ မရှိ မပြောခဲ့သော်လည်း ဘဏ်အနေဖြင့် အရေးယူပိတ်ဆို့မှု အားလုံးကို လိုက်နာဆောင်ရွက်သည်ဟု ဆိုသည်။ 

ရုရှားနိုင်ငံက ပြည်ပကြွေးမြီ ပြန်လည်ပေးဆပ်ရန် နောက်ဆုံးအကြိမ် ပျက်ကွက်ခဲ့မှုမှာ ၁၉၁၈ ခုနှစ်တွင်ဖြစ်ပြီး ဗော်ရှီဗစ်တော်လှန်ရေး Bolshevik Revolution ကာလအတွင်း ကွန်မြူနစ်ခေါင်းဆောင်သစ် ဗလာဒီမာလီနင်က ရုရှားအင်ပါယာ၏ ကြွေးမြီများကိုပေးရန် ငြင်းဆန်ခဲ့ချိန်ကဖြစ်ကြောင်း သိရသည်။

ဘောရစ်ယဲ့လ်ဆင်အစိုးရ ပြုတ်ကျမှုနှင့်အတူ ပရမ်းပတာအခြေအနေကာလအတွင်း ရူဘယ်ငွေအကျပ်အတည်း ပေါ်ပေါက်ခဲ့မှုကြောင့် ရုရှားက ၁၉၉၈ ခုနှစ်တွင် ပြည်တွင်းငွေတိုက်စာချုပ်များအတွက် ငွေပေးချေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ 

သို့သော် ထိုစဥ်က ၎င်း၏ပြည်ပကြွေးမြီများကို ပြန်လည်ပေးဆပ်မှု ပျက်ကွက်ခြင်းမရှိရန် ရုရှားက စီမံဆောင်ရွက်ခဲ့သည်။ 

လက်ရှိတွင် ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုအဖြစ် အနောက်အုပ်စုက အရေးပိတ်ဆို့မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ရာ ရုရှားစီးပွားရေး ထိခိုက်မှုများရှိခဲ့သည်။

ယခုအခါ G7 အုပ်စု အဖွဲ့ဝင်နိုင်ငံများက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တင်းကျပ်ရန်နှင့် ယူကရိန်းတွင် ၎င်း၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှု အားလျော့သွားစေရန် ရည်ရွယ်ပြီး ၎င်းထံမှ ရွှေတင်သွင်းမှုများကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ရာ ရုရှားအတွက် ပိုမိုအကျပ်တွေ့စေမည်ဟု ဆိုသည်။ "ရွှေက စွမ်းအင်ပြီးရင် ရုရှားရဲ့ ဒုတိယအကြီးဆုံး ပြည်ပပို့ကုန်ဖြစ်ပြီး သမ္မတဗလာဒီမာပူတင်နဲ့ ရုရှားအတွက် သိသာထင်ရှားတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုပါ" ဟု အမေရိကန် အစိုးရအရာရှိက ပြောသည်။

#TachileikNewsAgency

Source: Bloobmgerg, BBC