အမေရိကန်တွင် ပျောက်ဆုံးနေသည့် အကျဥ်းသားနှင့် အကျဥ်းထောင်ဝန်ထမ်း အမျိုးသမီးကို ဆုကြေးငွေထုတ်ပြီး ရှာဖွေနေ

အမေရိကန်တွင် ပျောက်ဆုံးနေသည့် အကျဥ်းသားနှင့် အကျဥ်းထောင်ဝန်ထမ်း အမျိုးသမီးကို ဆုကြေးငွေထုတ်ပြီး ရှာဖွေနေ
By Mr John

 အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်တွင် ထွက်ပြေးလွတ်မြောက်သွားသည့် လူသတ်မှုဖြင့် တရားရင်ဆိုင်နေရသူ အကျဥ်းသားတစ်ဦးနှင့် ၎င်းနှင့်အတူ ပျောက်ဆုံးနေသူ အကျဥ်းထောင်ဝန်ထမ်း အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။

အကျဥ်းသား ကေစီဝှိုက်နှင့် အကျဥ်းထောင်ဝန်ထမ်း ဗစ်ကီဝှိုက်တို့ကို ဧပြီ (၂၉) ရက်နေ့ နံနက်ပိုင်းက အလာဘားမားပြည်နယ် Lauderdale ကောင်တီ ရဲမှူးရုံးတွင် နောက်ဆုံးမြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။



မစ္စဝှိုက်က အကျဥ်းသားဝှိုက်ကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးရန် အကျဥ်းထောင်ကနေ ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည်။

သို့သော် ထိုသို့ စီစဥ်ထားခြင်းမရှိကြောင်း နောက်ပိုင်းတွင် တာဝန်ရှိသူတွေက သိရှိသွားခဲ့ကြသည်။ အာဏာပိုင်တွေက မစ္စဝှိုက်က အကျဥ်းသားကို ထွက်ပြေးလွတ်မြောက်ရန် ကူညီခဲ့သလား သို့မဟုတ် အကျဥ်းသားက သူမကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သလားဆိုသည်ကို စုံစမ်းစစ်ဆေးနေသည်။



၎င်းတို့နှစ်ဦးမှာ တိုက်ဆိုင်စွာဖြင့် မျိုးရိုးအမည်များ တူညီနေသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုမရှိကြဟု ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အကျဥ်းသားဝှိုက်ထံတွင် ထောင်ဝန်ထမ်းဝှိုက်၏ သေနတ်ရှိနေနိုင်ရာ အလွန်အန္တရာယ်ရှိကြောင်း အာဏာပိုင်တွေက ပြောထားသည်။ Lauderdale ကောင်တီ ရဲမှူး ရစ်ခ်စင်ဂယ်လ်တန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုအရ မစ္စဝှိုက်က အကျဥ်းသားနှင့်အတူ ဧပြီ (၂၉) ရက် နံနက် (၉း၃၀) ခန့်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။



မစ္စဝှိုက်က အကျဥ်းသားကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးရန် တရားရုံးသို့ ပို့ဆောင်မည်ဟု သူမ၏ လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့သည်ဟု ဆိုသည်။

အကျဥ်းသားကို တရားရုံးတွင်ထားခဲ့ပြီးနောက် သူမလည်း နေမကောင်းတာကြောင့် ကျန်းမာရေးစစ်ဆေးမည်ဟု ပြောသွားခဲ့ကြောင်း ရဲမှူးရစ်ခ်က ဖြည့်စွက်ပြောသည်။

ထိုနေ့ နံနက် (၁၁) နာရီကျော်တွင် မစ္စဝှိုက်၏ကားကို ဈေးဝယ်စင်တာ ကားပါကင်တွင် တွေ့ခဲ့ရသည်။



ထို့နောက် မွန်းလွဲ (၃း၃၀) တွင် တာဝန်ရှိသူတွေက အကျဥ်းသားဝှိုက် ပြန်ရောက်မလာကြောင်း သိရှိခဲ့ပြီး ထောင်ဝန်ထမ်းဝှိုက်ကိုလည်း ဆက်သွယ်၍မရတော့ကြောင်း သိရသည်။

ယခုအခါ US Marshals Service က အကျဥ်းသားဝှိုက်ကို ပြန်လည်ဖမ်းဆီးနိုင်ရန်နှင့် မစ္စဝှိုက်၏တည်နေရာ သိရှိနိုင်ရန် သတင်းအချက်အလက်ပေးသူကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဆုကြေးငွေ ပေးအပ်မည်ဟု ထုတ်ပြန်ထားသည်။

"အကျဥ်းသားဝှိုက်က ထောင်ဝန်ထမ်းအမျိုးသမီးနဲ့ အများပြည်သူအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုတစ်ခုလို့ ယူဆရပါတယ်" ဟု US Marshal အရာရှိ Marty Keely က ပြောသည်။



အကျဥ်းသားနှင့်အတူ ပျောက်ဆုံးနေသည့် မစ္စဝှိုက်မှာ လုပ်သက် (၂၅) ခန့်ရှိပြီဖြစ်သည့် စံပြုထိုက်သည့် ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု Lauderdale ကောင်တီ ရဲမှူး ရစ်ခ်က မှတ်ချက်ပြုသည်။

သို့သော် အကျဥ်းသားကို တရားရုံးသို့ သူမကိုယ်တိုင် ခေါ်ဆောင်သွားရန် သူမ၏ ဆုံးဖြတ်ချက်မှာ မူဝါဒချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြစ်မှုကြီးသူတွေကို ခေါ်ဆောင်သွားပါက လက်ထောက်နှစ်ဦး လိုက်ပါရမည်ဖြစ်ကြောင်း ရဲမှူးက ရှင်းပြသည်။



ထွက်ပြေးလွတ်မြောက်သွားသည့် အသက် (၃၈) နှစ်အရွယ် အကျဥ်းသားဝှိုက်မှာ အသက် (၅၈) နှစ်အရွယ် ကွန်နီရစ်ဂျ်ဝေးကို ဓားဖြင့်ထိုးသတ်မှုဖြင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း လူသတ်မှုစွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခံထားရသူဖြစ်ကြောင်း US Marshals Service က ပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ်အတွင်း ဖောက်ထွင်းမှု၊ ကားခိုးမှု အပါအဝင် ပြစ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့မှုအတွက် ပြစ်ဒဏ်ကျခံသူဟု ဆိုသည်။ လူသတ်မှုကိုလည်း ဝှိုက်က ဝန်ခံထားပြီး ရုံးချိန်းစောင့်ဆိုင်းနေစဥ် Lauderdale ကောင်တီ အကျဥ်းထောင်တွင် ထိန်းသိမ်းထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။



Source: CNN, BBC