ရုရှားလက်အောက်မှ ယူကရိန်း ပြန်သိမ်းပိုက်ခဲ့သည့် Izium မြို့တွင် အလောင်းများ ရာနှင့်ချီ အစုအပြုံလိုက် မြှုပ်နှံထားမှု တွေ့ရှိ

ရုရှားလက်အောက်မှ ယူကရိန်း ပြန်သိမ်းပိုက်ခဲ့သည့် Izium မြို့တွင် အလောင်းများ ရာနှင့်ချီ အစုအပြုံလိုက် မြှုပ်နှံထားမှု တွေ့ရှိ
စက်တင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့များ လက်အောက်မှ လတ်တလော ပြန်လည်သိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်း Izium မြို့တွင် အနည်းဆုံး ရုပ်အလောင်း (၄၄၀) ကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၆) ရက်နေ့တွင် Twitter ၌ ရေးသားထားသည်။ 

 

အစောပိုင်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကလည်း ယူကရိန်းပြည်သူများနှင့် နိုင်ငံတကာဂျာနယ်လစ်များအနေဖြင့် မည်သည့်အရာများ ဖော်ထုတ်တွေ့ရှိခဲ့သည်ကို မြင်တွေ့ရမည်ဟု ပြောခဲ့သည်။

"ဘူချာ၊ မာရီယူပိုးလ်နဲ့ အခု Izium ပါ။ ဒါအတွက် တာဝန်ယူရပါမယ်။ ရုရှားက နေရာတိုင်းမှာ သတ်ထားခဲ့တယ်။ ကမ္ဘာကြီးက ဒီစစ်ပွဲအတွက် ရုရှားကို အမှန်တကယ် တာဝန်ယူခိုင်းရပါမယ်။ ကျွန်တော်တို့ ဒါအတွက် အားလုံးလုပ်သွားမှာပါ" ဟု သမ္မတဇီလန်းစကီးက ပြောသည်။ 

အမှန်တကယ် ဖြစ်ပျက်နေမှုများနှင့် ရုရှားသိမ်းပိုက်မှုက မည်သည့်အရာများဆီ ဦးတည်ခဲ့ကြောင်း ကမ္ဘာကို ပြသလိုသည်ဟုလည်း ယူကရိန်းသမ္မတက ဆိုသည်။

ပြန်လည်သိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် ရုရှားက ညှဥ်းပန်းနှိပ်စက်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဇီလန်းစကီးက စွပ်စွဲလိုက်သည်။ 

ယူကရိန်း Center for Strategic Communications က စက်တင်ဘာလ (၁၅) ရက်နေ့တွင် ပြောကြားမှုအရ Izium မြို့တွင် တွေ့ရှိခဲ့သည့် သင်္ချိုင်းများအနက်မှ အချို့မှာ လောလောလတ်လတ် မြှုပ်နှံထားခဲ့ခြင်းဖြစ်ပြီး ထိုအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် အလောင်းများမှာ အရပ်သားအများစုဖြစ်ကြောင်း သိရသည်။

Kharkiv နှင့် Donetsk နယ်မြေ (၂) ခုကြား နယ်စပ်တွင်တည်ရှိသည့် Izium မြို့ကို ရုရှားတပ်ဖွဲ့များက ဧပြီလအတွင်း အမြောက်များဖြင့်ပစ်ခတ်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး (၅) လကြာ သိမ်းပိုက်ထားခဲ့သည်။ 

ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဖြင့် Izium မြို့ကို စက်တင်ဘာလ (၁၀) ရက်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်ပြီး ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်နေသည့် ရုရှားစစ်တပ်အတွက် မဟာဗျူဟာမြောက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

စစ်ပွဲစတင်ပြီးနောက် ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv နယ်မြေတွင် ရုရှားသိမ်းပိုက်ထားခဲ့သည့် နေရာအများအပြားကို ယူကရိန်းတပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်ရယူခဲ့ပြီး ရုရှားတပ်ဖွဲ့များ ဆုတ်ခွာနေရကြောင်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်း နယ်မြေအကျယ်အဝန်း (၃,၀၈၈) စတုရန်းမိုင်ကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု သမ္မတဇီလန်းစကီးက စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပြောခဲ့သည်။

Source: CNN, BBC

Photo: Natalie Gallon/CNN, REUTERS, Twitter/@AndriyYermak, Gleb Garanich/Reuters, AFP ,