ထိုင်းနှင့်တရုတ် ပူးတွဲ လေတပ်စစ်ရေးလေ့ကျင့်မှုများ (၁၂) ရက်ကြာ ပြုလုပ်နေ

Falcon Strike စစ်ရေးလေ့ကျင့်မှုများအတွက် တရုတ် - ထိုင်း လေတပ်အကြီးအကဲများ အဖွင့်စကားပြောကြားစဉ်။ [ Photo: Wassana Nanuam ]
Falcon Strike စစ်ရေးလေ့ကျင့်မှုများအတွက် တရုတ် - ထိုင်း လေတပ်အကြီးအကဲများ အဖွင့်စကားပြောကြားစဉ်။ [ Photo: Wassana Nanuam ]
ထိုင်းနှင့်တရုတ် ပူးတွဲ လေတပ်စစ်ရေးလေ့ကျင့်မှုများ (၁၂) ရက်ကြာ ပြုလုပ်နေ
သြဂုတ် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ (၁၄) ရက်နေ့တွင် စတင်ပြုလုပ်နေကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်သည်။ 

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို COVID-19 ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ ယခုနှစ်တွင် ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအပြီးတွင် ပြုလုပ်ခဲ့ပြီးနောက် Falcon Strike ဟု အမည်ပေးထားသည့် ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ 

ထိုင်းလေတပ်အကြီးအကဲ Prapas Sornchaidee က ပြောကြားမှုအရ Falcon Strike စစ်ရေးလေ့ကျင့်မှုများကို ဩဂုတ်လ (၁၄) ရက်မှ (၂၅) ရက်နေ့အထိ နိုင်ငံအရှေ့မြောက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နာလည်းမှု ပိုမိုခိုင်မာရန် ရည်ရွယ်သည်ဟု ဆိုသည်။

တရုတ်ကိုယ်စားပြု လေ့ကျင့်ရေးအဖွဲ့တွင် တိုက်လေယာဥ်များ၊ ဗုံးကြဲလေယာဥ်များနှင့် လေကြောင်းစောင့်ကြည့် ကြိုတင်သတိပေးစနစ် လေယာဥ်များ ပါဝင်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောထားသည်။ 

ယခုစစ်ရေးလေ့ကျင့်မှုတွင် လေကြောင်းပံ့ပိုးမှု၊ မြေပြင်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုနှင့် အသေးစားနှင့် အကြီးစား တပ်ဖွဲ့ဖြန့်ကျက်မှုတို့အတွက် လေ့ကျင့်သင်တန်းပေးခြင်းလည်း ပါဝင်မည်ဟု ဆိုသည်။

ထိုင်း - တရုတ် ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုများကို ၂၀၁၅ ခုနှစ်ကတည်းက ပုံမှန်ပြုလုပ်လာခဲ့ပြီး ကပ်ရောဂါဖြစ်ပွားချိန်တွင် ရပ်ဆိုင်းထားခဲ့ရသည်။ 

ပစိတ်ဖိတ်ဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးလာမှုအပေါ် စိုးရိမ်ပူပန်နေသည့် အမေရိကန်နိုင်ငံကလည်း ဩဂုတ်လ ဒုတိယပတ်အတွင်း အင်ဒိုနီးရှား၌ ၎င်း၏မဟာမိတ်များနှင့်အတူ Super Garuda Shield အမည်ရှိ စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆက်ဆံရေးကို ခိုင်မာစေရန် ဆောင်ရွက်နေခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အပြီးသတ် သဘောတူညီမှုအရ တရုတ်ထုတ် လေတပ်အသုံးအဆောင်များကို ပထမဆုံး ဝယ်ယူသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ 

သို့သော် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၂၄) သန်းတန် တရုတ်ထုတ် ရေငုပ်သင်္ဘောနှစ်စီးကို ဝယ်ယူရန်သဘောတူညီမှုနောက် ပြည်သူလူထု၏ ကန့်ကွက်မှုများရှိလာခဲ့ရာ ထိုအရောင်းအဝယ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

Source: AFP