ထိုင်းနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးအထူးကိုယ်စားလှယ် ရာထူးအသစ် ဖန်တီးပြီး နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ အကြံပေးကို ခန့်အပ်

ထိုင်းနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေးအထူးကိုယ်စားလှယ် ရာထူးအသစ် ဖန်တီးပြီး နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ အကြံပေးကို ခန့်အပ်
By Mr John

 ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ရာထူးတစ်ခုကို ဖန်တီးလိုက်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအထူးကိုယ်စားလှယ်အဖြစ် Pornpimol  Kanchanalak  ကို  ခန့်အပ်လိုက်ကြောင်း သိရသည်။

 မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပထမဆုံး အထူးကိုယ်စားလှယ်အဖြစ် ရာထူးပေးကာ ခန့်အပ်ခံရသူ Pornpimol  Kanchanalak သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးတစ်ဦးဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ရုံးထိုင်မည်ဖြစ်ကာ ၎င်းအတွက် အနည်းဆုံး လက်ထောက်တစ်ဦး ရရှိမည်ဟု ဆိုသည်။



Pornpimol သည် အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိထားသူဖြစ်သောကြောင့် ၎င်းကို ယခုရာထူးအတွက် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Don Pramudwinai က ဧပြီ (၂၆) ရက်နေ့တွင် ပြောထားပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်လိုက်ခြင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အလုပ်တာဝန် လျော့ပေါ့ သက်သာစေမည်ဟုလည်း ဆိုသည်။

Pornpimol ၏ ရာထူးအသစ်က ၎င်း၏ အခြားတာဝန်များနှင့် ထပ်နေမည်လားဟု မေးမြန်းရာတွင် သူမအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကိုသာ တာဝန်ယူလိမ့်မည်ဟု Don Pramudwinai က ပြောသည်။



Pornpimol သည် ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေပြီးသားဖြစ်သော်လည်း ၎င်းအနေဖြင့် ပြည်ပနိုင်ငံများမှ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ရန် ကန့်သတ်ချက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

၎င်း၏ ရာထူးအသစ်က ထိုကန့်သတ်ချက်ကို ဖယ်ရှားပေးလိမ့်မည်ဖြစ်ပြီး ထိုကဲ့သို့ ရာထူးကို ဥရောပသမဂ္ဂတွင် ခန့်အပ်ထားလေ့ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ပြောသည်။



မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်လုံခြုံရေးကိစ္စများတွင် ထိုင်းနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ရာထူးခန့်အပ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် Pornpimol က မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာကိစ္စများကို အနီးကပ် စောင့်ကြည့်သွားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ မူဝါဒနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။





ထို့အတူ Pornpimol အနေဖြင့် အခြား ဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ပြီး နိုင်ငံတကာအစည်းအ‌ဝေးများကို ထိုင်းကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးကို အစီရင်ခံ ရမည် ဖြစ်သည်။



Source: Bangkok Post