သီရိလင်္ကာတွင် သမ္မတက ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ကြေညာ

သီရိလင်္ကာတွင် သမ္မတက ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ကြေညာ
By Mr John

သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း အဆိုးဆုံး အခြေအနေ ကြုံတွေ့နေရမှုအပေါ် ကာလရှည်ကြာ ဆန္ဒပြမှုများနှင့် အထွေထွေသပိတ်မှောက်မှုတို့ကြောင့် ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် သမ္မတ Gotabaya Rajapaksa က မေလ (၆) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေ ကြေညာခြင်းမှာ မေလ (၆) ရက် သန်းခေါင်အချိန်မှစပြီး သက်ရောက်ကြောင်း သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။



ယခု အရေးပေါ်အခြေအနေ၏ စည်းမျဥ်းများကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ယခင်က ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ကြေညာမှုအရ သမ္မတက စစ်တပ်ဖြန့်ကျက်နိုင်သည့် လုပ်ပိုင်ခွင့်၊ စွဲချက်မတင်ဘဲ ဖမ်းဆီးထားခြင်းနှင့် ဆန္ဒပြမှုများကို ဖြိုခွဲခြင်းတို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အရေးပေါ်အခြေအနေ ကြေညာမှုအရ စီမံဆောင်ရွက်ချက်တွေကို သီရိလင်္ကာလွှတ်တော်တွင် (၁၄) ရက်အတွင်း အတည်ပြုရမည်ဟု ဆိုသည်။



သီရိလင်္ကာတွင် မတ်လကတည်းက လူထုအုံကြွမှု ပေါ်ပေါက်နေခဲ့ပြီး အစိုးရက နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို စီမံခန့်ခွဲမှုလွဲမှားခြင်းအပေါ် ဒေါသထွက်ခဲ့ကြရာ ဆန္ဒပြမှုများမှာ တခါတရံ ပြင်းထန်ကြမ်းတမ်းလာခဲ့သည်။

နိုင်ငံအတွင်း ဂက်စ်အခက်အခဲနှင့် ရင်ဆိုင်နေရပုံ

မေလ (၆) ရက်နေ့က သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ရှိ လွှတ်တော်အဆောက်အအုံအနီး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့ကြောင်း သိရသည်။



သမ္မတ Rajapaksa က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းအပေါ် အတိုက်အခံခေါင်းဆောင် Sajith Premadasa နှင့် အချို့က ဝေဖန်ခဲ့ကြသည်။

အကျပ်အတည်းဖြေရှင်းရန် နည်းလမ်းရှာဖွေခြင်းကို ဆန့်ကျင်ဆောင်ရွက်သည့် လုပ်ရပ်ဟု Sajith Premadasa က ပြောဆိုခဲ့သည်။

သမ္မတ Rajapaksa က ယခင်ကလည်း ဧပြီလ (၁) ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သေးသော်လည်း နောက်(၅)ရက်အကြာတွင် ပြန်ရုပ်သိမ်းခဲ့သည်။



သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှုနဲ့ အခြား ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရပြီး ၁၉၄၈ ခုနှစ်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

နှစ်ပေါင်း (၇၀) ကျော်အတွင်း စီးပွားရေအကျပ်အတည်း အဆိုးဆုံးဖြစ်ပေါ်နေသည့် သီရိလင်္ကာအနေဖြင့် ပြည်ပကြွေးမြီများ ပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်လာပြီး ပြည်ပကြွေးမြီ ပြန်ဆပ်မှုများကိုလည်း ဆိုင်းငံ့ထားသည်။



သီရိလင်္ကာတွင် စီးပွားရေးအကျပ်အတည်း အလွန်ဆိုးရွားနေမှုနှင့်အတူ မရှိမဖြစ်လိုအပ်သည့် အခြေခံ ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်မှုတို့အပေါ် မကျေမနပ်ဖြစ်နေသည့် ပြည်သူလူထုက ဆက်တိုက် ဆန္ဒပြနေခဲ့ကြသည်။

ဆန္ဒပြသူတွေက သမ္မတ Gotabaya Rajapaksa ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေခဲ့သော်လည်း ၎င်းက နှုတ်ထွက်ရန် ငြင်းဆန်ခဲ့သည်။



Source: CNN, Reuters

Photo: AP, Reuters