ချန်ပီယံလိဂ်ဗိုလ်လုပွဲ မစတင်မီ အဝါကတ်ပြရန် မှန်ကြည့်ပြီး လေ့ကျင့်ခဲ့သည့် ကွင်းလယ်ဒိုင်

ချန်ပီယံလိဂ်ဗိုလ်လုပွဲ မစတင်မီ အဝါကတ်ပြရန် မှန်ကြည့်ပြီး လေ့ကျင့်ခဲ့သည့် ကွင်းလယ်ဒိုင်
By Mr John

 မန်ချက်စတာစီးတီးနှင့် အင်တာမီလန် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့သည့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဥ် မစတင်မီ ကွင်းလယ်ဒိုင်လူကြီး Szymon Marciniak ၏ ရယ်ချင်စရာကောင်းသည့် ကြိုတင်ပြင်ဆင်မှု မှတ်တမ်းဗီဒီယိုတစ်ခု အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ 

ထိုပွဲစဥ်တွင် အင်္ဂလန်ဘောလုံးကလပ် မန်စီးတီးက အီတလီကလပ်အသင်း အင်တာမီလန်ကို (၁) ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သည့် ဒိုင်လူကြီး Marciniak မှာ ပြီးခဲ့သည့် ဘောလုံးရာသီတစ်လျှောက် မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဥ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ် အပါအဝင် ဥရောပအဆင့်ပြိုင်ပွဲ (၈) ပွဲကို တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ 

သို့သော် ဘောလုံးရာသီကုန် အကြီးကျယ်ဆုံးနှင့် ပရိသတ်စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ရန်အတွက်မူ အမှားအယွင်းမရှိစေရန် ဒိုင်လူကြီး Marciniak တစ်ယောက် အသေးစိတ်ကအစ ကြိုတင်ပြင်ဆင်ခဲ့ပုံရသည်။

ထိုသို့ ကြိုတင်ပြင်ဆင်ရာ၌ ပွဲမစတင်မီ အဝတ်လဲခန်းအတွင်း အဝါကတ်ပြခြင်းကို လေ့ကျင့်နေခဲ့သည့် ရယ်ချင်စရာ မှတ်တမ်းဗီဒီယိုတစ်ခု အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ 

ထိုဗီဒီယိုအတွင်း ပိုလန်သား ဒိုင်လူကြီး Marciniak က မှန်တစ်ချပ်ဆီသို့ လမ်းလျှောက်သွားပြီး ၎င်း၏ ဘောင်းဘီအိတ်ထဲမှ အဝါကတ်ကို ဆွဲထုတ်လိုက်ကာ ကစားသမားတစ်ဦးကို အဝါကတ်ပြသသည့် ပုံစံမျိုး လေ့ကျင့်နေခဲ့သည်ကို တွေ့ရသည်။

အသက် (၄၂) နှစ်အရွယ် ဒိုင်လူကြီး Marciniak က ၎င်း၏ အဝါကတ်ပြသည့် ဟန်ပန်ကို မှန်ကြည့်၍ သေချာစွာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် Marciniak က အဝါကတ် (၆) ကြိမ် ပြသခဲ့သည်။ 

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကမ္ဘာတဝန်း ကြည့်ရှုသူ သန်း (၄၅၀) ရှိခဲ့နိုင်ကြောင်း သိရသည်။

 

Source: Daily Mail