အမေရိကန်ကို ပြန်လည်ကြီးကျယ်ခမ်းနားစေရန် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

အမေရိကန်ကို ပြန်လည်ကြီးကျယ်ခမ်းနားစေရန် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် စီစဥ်ထားပြီဖြစ်ကြောင်း နိုဝင်ဘာလ (၁၅) ရက်နေ့၏ ညပိုင်းတွင် ကြေညာလိုက်ပြီး အလားအလာရှိသည့် ရီပတ်ဘလစ်ကင် ပြိုင်ဘက်များကို ကြိုတင်ဟန့်တားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ 

ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် သမ္မတရွေးကောက်ပွဲဝင်မည်ဟု ထရမ့်က တရားဝင် ကြေညာခဲ့သည်။

ရီပတ်ဘလစ်ကင်တို့ ကွန်ဂရက်လွှတ်တော်တွင် ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း အမတ်နေရာအများအပြား အနိုင်မရခဲ့သည့် အစိုးသက်တမ်းဝက် ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် သမ္မတဟောင်းထရမ့်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်မည်ဟု ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။ 

ထရမ့်က တစ်နာရီကြာ မိန့်ခွန်းပြောခဲ့ပြီး ၎င်း၏မိန့်ခွန်းကို အမေရိကန်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့သည်။ 

Mar-a-Lago စံအိမ်၏ ဧည့်ခန်းအတွင်း ၎င်းအား ထောက်ခံသူ ရာဂဏန်းအရေအတွက်ကို ထရမ့်က စကားပြောခဲ့သည်။

"အမေရိကကို ပြန်လည်ကြီးကျယ်ခမ်းနားစေဖို့ရာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ကျွန်တော် ဒီည ကြေညာပါတယ်" ဟု ထရမ့်က ပြောသည်။ 

ထရမ့်က ထိုသို့ ကြေညာလိုက်ရာ ၎င်း၏ မိသားစုဝင်များ အပါအဝင် လူအုပ်စုက အော်ဟစ်အားပေးကြပြီး ဖုန်းများဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။

နိုဝင်ဘာလ (၁၅) ရက်နေ့၏ အစောပိုင်းတွင် ထရမ့်၏ လက်ထောက်များက ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုအတွက် စာရွက်စာတမ်းကိစ္စများကို အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို အနိုင်ရပြီး သမ္မတဖြစ်ခဲ့သည့် ထရမ့်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်မူ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ စွန့်ခွာခဲ့ရသည်။ 

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်က မဲမသမာမှု အမြောက်အမြားရှိခဲ့ကြောင်း အထောက်အထားမဲ့ မှားယွင်းစွပ်စွဲ ပြောဆိုနေခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ထရမ့်အား ထောက်ခံသူများက အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းခဲ့ကြရာ သမိုင်းတစ်လျှောက် အရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ 

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကလည်း ပြန်လည်ရွေးကောက်ခံဖွယ်ရှိနေရာ ထရမ့်နှင့် နောက်တစ်ကြိမ် ပြန်ယှဥ်ပြိုင်ကြရဖွယ်ရှိကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Jonathan Ernst, REUTERS/Octavio Jones,  REUTERS/Ricardo Arduengo,