ဗြိတိန်ဝန်ကြီးချုပ်နေရာ ယှဥ်ပြိုင်မှုတွင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနက်ခ်က မထင်မှတ်ဘဲ အားသာမှု ရှိနေ 

ဗြိတိန်ဝန်ကြီးချုပ်နေရာ ယှဥ်ပြိုင်မှုတွင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနက်ခ်က မထင်မှတ်ဘဲ အားသာမှု ရှိနေ 
အောက်တိုဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာရန် အလားအလာရှိနေသည့် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ရစ်ရှီဆူနက်ခ်တို့ (၂) ဦးတွင် ယခုအခါ ဆူနက်ခ်က အထင်မှတ်ဘဲ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သည့် လွှတ်တော်အမတ် (၁၀၀) ၏ ထောက်ခံမှုရရှိရန် နီးစပ်နေပြီဟု ဆိုသည်။ 

ဆူနက်ခ်က လွှတ်တော်အမတ် (၉၃) ဦး၏ ထောက်ခံမှုရရှိခဲ့ရာ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ဦးဆောင်လာခဲ့ကြောင်း သိရပြီး ၎င်း၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ သတင်းရင်းမြစ်ကမူ လိုအပ်သည့် လွှတ်တော်အမတ် (၁၀၀) ဦး၏ ထောက်ခံမှုရရှိထားပြီဟုလည်း ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း‌ ဘောရစ်ဂျွန်ဆင်မှာ ဒုတိယထောက်ခံမှု အများဆုံး ရရှိခဲ့ပြီး လွှတ်တော်အမတ် (၄၄) ဦး၏ ထောက်ခံမှုရရှိခဲ့ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်နေရာအတွက် နောက်ထပ် ယှဥ်ပြိုင်သူတစ်ဦးဖြစ်သည့် Penny Mordaunt မှာ လွှတ်တော်အမတ် (၂၁) ဦး၏ ထောက်ခံမှုရရှိခဲ့သည်။ 

ဘောရစ်ဂျွန်ဆင်ကို ထောက်ခံခဲ့သူ ကုန်သွယ်ရေးဝန်ကြီး Sir James Duddridge ကမူ ဝန်ကြီးချုပ်ဟောင်းက ဒိုမီနီကန်ရီပတ်ဘလစ်တွင် အားလပ်ရက်အပန်းဖြေခရီးထွက်နေရာမှ လန်ဒန်ကို ပြန်လာနေပြီဖြစ်ပြီး ယှဥ်ပြိုင်မှုအတွက် အသင့်ဖြစ်နေပြီဟု ဆိုသည်။

ဆူနက်ခ်နှင့် ဘောရစ်ဂျွန်ဆင်တို့ နှစ်ဦးလုံးက ဝန်ကြီးချုပ်နေရာအတွက် မဲဆွယ်စည်းရုံးမှုကို တရားဝင် စတင်လိုက်ခြင်း မရှိသော်လည်း လွှတ်တော်အမတ်များက ၎င်းတို့ မည်သူကို ထောက်ခံကြောင်း ထုတ်ဖော်ပြောခဲ့ကြသည်။ 

ဝန်ကြီးချုပ်နေရာအတွက် ယှဥ်ပြိုင်ရွေးချယ်ခံသူများမှာ ဗြိတိသျှစံတော်ချိန် အောက်တိုဘာလ (၂၄) ရက် မွန်းလွဲ (၂) နာရီအထိ လွှတ်တော်အမတ် (၁၀၀) ၏ ထောက်ခံမှုရရှိရန် မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ယှဥ်ပြိုင်ရွေးချယ်ခံသူ (၃) ဦးလုံးက လွှတ်တော်အမတ် (၁၀၀) ၏ ထောက်ခံမှု မရရှိခဲ့က ထောက်ခံမဲ အနည်းဆုံးရရှိသူက ယှဥ်ပြိုင်မှုကနေ ရှုံးနိမ့်ထွက်ခွာရမည် ဖြစ်သည်။ 

နောက်ဆုံးကျန်ရှိသူ (၂) ဦးတွင် မည်သူကို ထောက်ခံကြောင်း ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်များက မဲပေးမည်ဖြစ်သည်။ 

ထို့နောက် လွှတ်တော်အမတ်မဟုတ်သည့် ကွန်ဆာဗေးတစ်ပါတီ အဖွဲ့ဝင်များက အွန်လိုင်းမှတစ်ဆင့် မဲပေးကြခြင်းဖြင့် လာမည့် အောက်တိုဘာလ (၂၈) ရက်တွင် ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်မှုကို အပြီးသတ်မည်ဟု သိရသည်။

အကယ်၍ ပါဝင်ယှဥ်ပြိုင်သူ တစ်ဦးတည်းကသာ လွှတ်တော်အမတ် (၁၀၀) ၏ ထောက်ခံမှုကို ရရှိခဲ့ပါက နောက်ထပ် မဲပေးမှုများ မရှိတော့ဘဲ ထိုပုဂ္ဂိုလ်ကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်အဖြစ် ‌ကြေညာမည်ဖြစ်သည်။

 ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနက်ခ်မှာ ဘောရစ်ဂျွန်ဆင် ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်နေရာအတွက် ယှဥ်ပြိုင်ရွေးချယ်ခံခဲ့ရာတွင် လစ်ဇ်ထရပ်စ်ကို ရှုံးနိမ့်ခဲ့သည်။

Source: BBC