တာချီလိတ်မြို့ရှိ အဆွေတော် မီနီမတ် ဗုံး(၂)လုံး ပေါက်ကွဲပြီးနောက် စစ်တပ်နှင့်နီးစပ်သည့် သူဌေးအချို့၏ နေအိမ်များထိပါ လုံခြုံရေး ပေးထားရ

တာချီလိတ်မြို့ရှိ အဆွေတော် မီနီမတ် ဗုံး(၂)လုံး ပေါက်ကွဲပြီးနောက် စစ်တပ်နှင့်နီးစပ်သည့် သူဌေးအချို့၏ နေအိမ်များထိပါ လုံခြုံရေး ပေးထားရ

 မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ အဆွေတော် မီနီမတ် ဆိုင်ပေါက်အဝင်ထောင့် လက်ဆောင်ပစ္စည်းထုတ်သည့် နေရာတွင် ဗုံး(၂)ပေါက်ကွဲမှု ဖြစ်ပွားပြီး (၃)ဦးမှာ ရှုပ်ထိကာ ဒဏ်ရာရရှိကြောင်း နှင့် စစ်တပ်နှင့်နီးစပ်သည့် သူဌေးအချို့၏ နေအိမ်များထိပါ လုံခြုံရေးပေးထားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် မေလ(၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး ပထမ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အဆွေတော် မီနီမတ် ၏ ဆိုင်ဝန်ထမ်းတစ်ဦး နဖူးတွင် ဒဏ်ရာအနည်းငယ်ရရှိပြီး ဆေးကုသပေးထားသည်ဟု သိရသည်။

ဆက်လက်၍ ရဲများ လာရောက်စစ်ဆေးနေချိန်တွင် ဗုံးနောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲသည့်အတွက် ရှပ်ထိမှန်သူ (၂)ဦးထပ်တိုးကြောင်း သိရသည်။

ရှုပ်ထိ၍ ဒဏ်ရာရရှိသွားသူ စုစုပေါင်းမှာ အဆွေတော် မီနီမတ် ပိုင်ရှင် ဦးတင်လှိုင်၏ ယောက်ဖတော်စပ်သူ အပါအဝင် ယာဉ်မောင်း နှင့် နောက်ထပ် ဆိုင်ဝန်ထမ်း(၁)ဦး စုစုပေါင်း (၃)ဦးဖြစ်ပြီး ယောက်ဖတော်စပ်သူမှာ ဝမ်းဗိုက်ကို ရှုပ်ထိခြင်းဖြစ်သော်လည်း ၎င်းအပါအဝင် (၃)ဦးစလုံး စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆွေတော် မီနီမတ် ဆိုင်လမ်းပိုင်းကို ပိတ်ထားလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေသလို ဆိုင်အတွင်းမှ CCTV အပါအဝင် အနီးဝန်းကျင်ရှိ CCTV များကိုပါ   ကြည့်ရှုစစ်ဆေးနေသည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် ရန်အောင်မြေရပ်ကွက်၊ ပါလျှံအတွင်းအထိ စစ်ကောင်စီတပ်များ ရောက်ရှိသွားပြီး အချို့နေရာများတွင် စစ်ဆေးမှုများ ပြုလုပ်နေသလို မြို့ထဲတွင်လည်း ကားများဖြင့် လှည့်လည်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် စစ်ဆေးနေသည်ဟု ဒေသခံများထံ က သိရသည်။

"အဆွေတော်က စစ်တပ်ကို အတော်လေးကြည်ညိုနေသူမို့ သူ့ကို ဆုချတာထင်တယ်။ သူက ဝစီပိတ်တို့ မအလတို့ အထိ နာမည်ပေါက်တယ်။ အဲ့ဒါကြောင့် ဗုံးကွဲတာလို့ပဲ ထင်တယ်။ ဒီရက်ပိုင်း စစ်တပ်ကို ထောက်ခံအားပေး အမှီပြုနေတဲ့ သူဌေးတွေရဲ့ အသံတွေ ထွက်လာနေတယ်။ ဟိုနေ့ကလည်း ဟိုတယ်တာချီလိတ်အတွင်း ဗုံးတွေ့သလို သူ့ကောင်မလေး အိမ်လည်း သေနတ်နဲ့ပစ်ခံရတာတွေ ဖြစ်တယ်။ အဲ့တော့ ကျန်တဲ့သူဌေးတွေလည်း လန့်နေကြတယ်ထင်တယ်။ အပြင်သွားရင်တောင် အရံလူတွေ ခေါ်ပြီးမှ သွားလာနေတာကို တွေ့ရတယ်။ စစ်တပ်နဲ့နီးစပ်တဲ့ သူဌေးတွေ သူတို့ ကားထဲမှာပါ သေနတ်ဆောင်ထားပြီး သွားလာနေရတယ်လို့ အတိအကျသိထားရသေးတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်တပ်နှင့် နီးစပ်သည့် သူဌေးအချို့အတွက် ယနေ့ ညဖြစ်စဉ်နှင့် ပတ်သက်ပြီး  စစ်ကောင်စီတပ်က လုံခြုံရေးများအဖြစ် အစောင့်များ လိုက်လံချထားပေးနေပြီး ကြံ့ဖွံ့ပါတီရုံးရှေ့ နှင့် ပါတီရုံး၏ အပေါ်ထပ်တွင်လည်း စစ်ကောင်စီတပ်သားများ စောင့်နေသည်ဟု သိရသည်။